ရန်ကုန်၊ နိုဝင်ဘာ (၉) ကမ္ဘာ့ကပ်ရောဂါ COVID-19 ရဲ့ စိန်ခေါ်မှုတွေကြားကနေ NLD အစိုးရလက်ထက်က ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ ၂ နှစ်ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီရှိပြီး ရွေးကောက်ပွဲအနိုင်ရ ၁၉ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေထဲက တိုင်းနဲ့ ပြည်နယ် ၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ အနိုင်ရရှိခဲ့ကြတာပါ။
နိုင်ငံတဝန်း မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နယ်ထဲက ၁၁၁၇ နယ်မှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရရှိခဲ့ကာ အစိုးရဖွဲ့နိုင်တာထက် ကျော်လွန်တဲ့ ထောက်ခံမှု ၈၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ မဲဆန္ဒနယ် ၇၂ နေရာ အနိုင်ရရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ တရားဝင် ထုတ်ပြန်ခဲ့တာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲလာပေးချိန်တုန်းက ပြည်သူ့ဆန္ဒနဲ့ ထုတ်ဖော်ခဲ့တဲ့ ရလဒ်ကို ငြင်းပယ်လို့ မရသလို လက်ခံရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပါတယ်။
နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဏာသိမ်းမှုဟာ NLD ပါတီ အာဏာမရရေးနဲ့ စစ်တပ် လွှမ်မိုးတဲ့ နိုင်ငံရေးကို ရေရှည်ထိန်းသိမ်း ချင်တဲ့အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ်တာပါ။
“စစ်တပ်လွှမ်းမိုးတဲ့ နိုင်ငံရေးကို ဆက်လက်ပြီးတော့ ရေရှည်ထိန်းသိမ်းထားချင်တဲ့ စစ်ဗိုလ်ချုပ်တွေ တစ်စုကနေပြီးတော့ ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အာဏာရသွားမှာကို သူတို့ အနေနဲ့ ဆက်လက်ပြီး သည်းခံနိုင်စွမ်းမရှိဘူး။
အဲဒါကြောင့်မို့ သူတို့ အနေနဲ့ မလွဲမ သွေ အာဏာသိမ်းမှဖြစ်တော့မယ်ဆိုတဲ့ အမြင်နဲ့ အာဏာသိမ်းခဲ့တာလို့ ယူဆပါတယ်”လို့ သူက ပြောပါတယ်။ပြီးခဲ့တဲ့နှစ် အာဏာမသိမ်းခင် သုံးရက်အလို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့မှာ တပ်မတော်ထိပ်ပိုင်းအရာကြီးတစ်ချို့က တတိယအကြိမ်လွှတ်တော် အစည်းအဝေးကို မကျင်းပဘဲ ဆိုင်းငံ့ပေးဖို့ NLD အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ တောင်းဆိုခဲ့ကြပြီး NLD ဘက်က မလိုက်လျောဘဲ ပယ်ချခဲ့တာပါ။
အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက အာဏာသိမ်းယူထားပေမယ့် နိုင်ငံတကာနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချို့ယွင်းချက်တွေရှိပေမယ့် တရားမျှတတယ်လို့ မှတ်ချက်ပြုခဲ့ကြတာပါ။
လက်သန်းတွေ မှင်စွန်းပြီး မဲထည့်ခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေကတော့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့အတွက် အာဏာသိမ်းပြီး ရက်ပိုင်းအလိုမှာ နိုင်ငံအနှံ သောင်းချီလူထုတွေကနေ ဆန္ဒထုတ်ဖော်မှုတွေ ပြုခဲ့ကြပါတယ်။
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့နဲ့ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာပြန်လွှဲအပ်ဖို့ မဲဆန္ဒရှင်ပြည်သူတွေ တစ်ညီတစ်ညွတ်တည်း ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတာပါ။
စစ်အုပ်ချုပ်ရေးအောက်မှာ တာဝန်မထမ်းဆောင်နိုင်တဲ့အတွက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်း ဆရာမတစ်ဦးကတော့ လက်ရှိအခြေအနေကိုကြည့်ရင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးကိုသာ လက်ခံမယ်လို့ ဆိုပါတယ်။
“အရင်ချိန်တုန်းက ၂၀၂၀ ရွေးကောာက်ပွဲရလဒ်ကို လက်ခံပြီးတော့ ပြည်သူလူထုအများစု ရွေးချယ်ထားတဲ့ အစိုးရကို ရွေးချယ်မယ်ဆိုတာမျိုး လက်ခံခဲ့တယ်။ဒါပေမယ့် အခုအာဏာသိမ်းတာ ၂ နှစ်ပြည့်တော့မယ်။ စစ်အာဏာရှင်က အရမ်းဆိုးဝါးတယ်။ လမ်းကြောင်းကလည်း ထင်ထင်ရှားရှားမြင်လာရပြီ။ ပြည်သူလူထုကလည်း လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတော့ လက်ရှိအချိန် ဖက်ဒရယ်ဒီမိုကရေစီသွားဖို့လမ်းကြောင်းကို လက်ခံတယ်” လို့ သူက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြန်လက်ခံရင် စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးနဲ့ ကိုယ်ကျိုးစီးပွားရေးတွေ ရှိနေတဲ့အတွက် စစ်အာဏာသိမ်းမှု တစ်ဖန် ဖြစ်ပေါ်နိုင်တာကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံတဲ့အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက နိုင်ငံဝန်းထမ်းတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာခဲ့ကြပါ။
စစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကနေ ပစ်ခတ်သတ်ဖြတ်တဲ့အထိ လုပ်ဆောင်လာခဲ့သလို ပါဝင်သူတွေကို ဖမ်းဆီးအကျည်းချတာတွေအပြင် စစ်ကြောရေးတွေမှာ ပြင်းထန်တဲ့ နှိပ်စက်မှုတွေကိုလည်း ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၇ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရသူ ၂၄၂၀ ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။ဒါ့အပြင် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူပေါင်း ၁၂၈၉၀ ဦးရှိပြီး အဲဒီထဲက ၁၆၃၂ ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသူတွေပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းယူချိန်ကတည်းက နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် NLD ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းတွေ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ရဲ့ အောက်တိုဘာလအထိ စာရင်းတွေအရ ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင် စုစုပေါင်း ၁၁၆၉ ဦးရှိတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး လေးလအကြာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်ဖို့ ပြည်သူတွေ ရွေးချယ်လာခဲ့ကြပြီး နိုင်ငံတဝန်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း အလျိူလျိူပေါ်ပေါက်လာပါတယ်။
အလားတူ စစ်အုပ်စုနဲ့ အတိုက်အခံဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ချို့ တို့ လက်တွဲပြီး ဖွဲ့စည်းလာခဲ့ကြတာပါ။
လက်ရှိကာလမှာလည်း နိုင်ငံအနှံ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ လက်နက်ကိုင်ခုခံတော်လှန်တဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေပြီး စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါ အဝင် ကချင်၊ကရင်နီ၊ရခိုင်၊ချင်းနဲ့ ကရင်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ရင်ဆိုင်နေရတာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကနေ စစ်တွေမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဦးထွန်းအောင်ကျော်ကတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
“အခုက တော်တော်အဝင်နက်သွားပြီလို့ ပြောလို့ရတယ်။တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲတွေတော်တော် ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။အဲဒီတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတဲ့အခြေအနေတွေ ဖြစ်သွားပြီ။ပြင်းပြင်းထန်ထန်နဲ့ လက်နက်ကိုင်ပြီးတော့ တိုက်နေကြတဲ့ အခြေအနေမှာ နိုင်ငံရေးနည်းအရ ဒီမိုကရေစီစနစ်တစ်ခုကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီကိုပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီးတော့ ဆန့်ကျင်နေတဲ့ NUG၊CRPH ကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ကြားထဲက လူတွေက ပြောဖို့ လက်နက်မှာလည်း မရှိဘူး။နိုင်ငံရေးအရပြောမယ့် ပါးစပ်ပဲ ရှိတယ်။အဲဒီတော့ ပြောလည်း ပြောခဲ့ပြီးပြီ၊ ကြိုးလည်း ကြိုးစားခဲ့ပြီးပြီ။နှစ်နှစ်တောင် ပြည့်တော့မယ့် အခြေအနေမှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ရတဲ့ အခြေအနေ လုံးဝမရှိဘူးလို့ မြင်ပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာလည်း ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန် လိုလားတောင့်တမှုဟာ အမြင့်ဆုံးရောက်ရှိနေပြီး စစ်အာဏာရှင်စနစ်ရဲ့ ဆုတ်ယုတ်မှုဟာလည်း သိသာနေတဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တာဟာ ပိုသင့်တော်တယ်လို့ ပြည်သူတွေက ယုံကြည်ထားကြတာပါ။
စစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ပြည်သူ့ကာကွယ် ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းကို ဦးတည်နေကြတာ ဖြစ်ပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF -S) တောင်ပိုင်းရဲ့ ပြောခွင့်ရ နိုင်နဂါးကတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ စစ်အုပ်စုကို အမြန်ဆုံးဖြုတ်ချပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေ ဖျက်သိမ်းရမယ်လို့ ဆိုပါတယ်။
“အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ပထမဆုံး စစ်အုပ်စုကို အမြန်ဆုံး ဖြတ်ချရမယ်။ဒုတိယအချက်က ၂၀၀၈ ကို မဖြစ်မနေ ဖျက်သိမ်းရမယ်။တစ်ချို့ ဒီမိုကရေစီအင်အားစုတွေက ၂၀၀၈ ကို ဖက်တွယ်ထားတာ မြင်ရတယ်။အမှန်က ဘယ်လိုမှ သွားလို့ မရတဲ့ ၂၀၀၈ ဥပဒေကြီးကို မဖြစ်မနေ ဖျက်သိမ်းဖို့ လိုပါတယ်။ဖက်ဒရယ်ပြည်ထောင်စုက အနည်းဆုံးအဆင့်ပဲ။ဒီဟာကိုမှ မရဘူးဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ အနာဂတ်မှာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်တစ်ခု တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်”လို့ သူက ပြောပါတယ်။
စစ်အုပ်စုကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးပြီး လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲအပ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူတစ်ဦးကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်သလို မဲထည့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။နိုင်ငံရေးနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကတော့ စစ်အုပ်စုအနေနဲ့ တရားဝင်မှုရရှိဖို့ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်တဲ့ မြို့ပြကျေးလက်တစ်ချို့မှာ ရွေးကောက်ပွဲပြုလုပ်လာနိုင်တယ်လို့ သုံးသပ်ကြတာလည်း ရှိနေပါတယ်။
ဒါပေမယ့် စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုသာ ဦးတည်နေတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးလို့ ထောက်ပြကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လာမယ့် ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးကို အဆုံးအ ဖြတ်ပေးမယ့် နှစ်အဖြစ် သတ်မှတ်ထားပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ချေဖျက်မယ်လို့ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်