ကော့ကရိတ် – နိုဝင်ဘာ (၉)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်း တောနော်ရေတံခွန်းနားမှာ ဒီနေ့ နိုဝင်ဘာလ (၉) ရက်နေ့ မနက်ပိုင်းက ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီး (၇) ဦးသေဆုံးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ မနက် (၉) နာရီဝန်းကျင်က မြဝတီကနေ ဘားအံကို ဆင်းလာတဲ့ ခရီးသည်တင် အန်စာတုံးကားဟာ အရှိန်မထိန်းနိုင်ဘဲ တောနော်ရေတံခွန်ဆိုင်းဘုတ်နဲ့ လမ်းလယ်တုံးတွေကို ဝင်တိုက် မိပြီး တိမ်းမှောက်သွားခဲ့တာပါ။

“ကားက အရှိန်ထိန်းနိုင်ဘဲ လမ်းလယ်တုံးတွေကို တိုက်တယ်။ ပြီးတော့ တောနော်ရေတံခွန် ကွန်ကရစ်ဆိုင်းဘုတ်ကိုပါ တိုက်ပြီး အောက်က ကွန်ကရစ်တန်းက ကားကို ထိုးခွဲသလို ဖြစ်ပြီး အကုန်သေကုန်တာ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါတဲ့ ယာဉ်မောင်းအပါအဝင် ကျား(၅)ဦး၊ မ(၂) ဦး စုစုပေါင်း (၇) ဦးသေဆုံးသွားပြီး သူတို့တွေကို လူမှုကူညီရေးအသင်းကားတွေနဲ့ ကော့ကရိတ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၅) ရက်နေ့ညနေပိုင်းကလည်း ကော့ကရိတ်အာရှလမ်း ကွမ်းခြံကုန်း အဆင်းမှာ ဇာတ်ပွဲကားတိမ်းမှောက်ပြီး (၆) ဦးထက်မနည်းသေဆုံးကာ (၁၀) ဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.