ကျိုက်ထို၊ နိုဝင်ဘာ (၉)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်နယ်မြေရဲစခန်းနဲ့ ဘီးလင်းမြို့နယ်က စစ်ကောင်စီ သံတံတား စစ်ဆေးရေးဂိတ်ဟာ နိုဝင်ဘာ ၇ ရက်နေ့က ညပိုင်းမှာ ထပ်မံတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းကို နိုဝင်ဝင်ဘာ ၇ ရက်နေ့ ည ၆ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် သိမ်ဇရပ်နယ်မြေရဲစခန်းရှိ အဆောင်တစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၇ ရက်နေ့ ည ၁၀ နာရီလောက်မှာလည်း ဘီးလင်းမြို့နယ်က စစ်ကောင်စီ သံတံတားစစ်ဆေးရေးဂိတ်ကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ထပ်မံသွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ဆိုပါတယ်။သိမ်ဇရပ်နယ်မြေရဲစခန်းနဲ့ သံတံတား စစ်ဆေးရေးဂိတ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အနည်း ဆုံး ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် အထိနာ နေတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) သထုံခရိုင် ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား မကြာခဏ ထိတွေ့ ပစ်ခတ်မှုတွေ ရှိနေပြီး နှစ်ဖက်စစ်ရေး ဆက်လက် တင်းမာနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.