စစ်တွေ၊ နိုဝင်ဘာ (၉)

ရခိုင်ပြည်နယ်မှာ စစ်ရှောင်စခန်းတာဝန်ခံတွေကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးတာတွေ လုပ် ဆောင်နေတာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ ရိက္ခာနဲ့ နေစရာ အခက်အခဲတွေ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

စစ်ဘေးရှောင်ဦးရေ သိန်းနဲ့ချီနေတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့စကပြီး ဖျက်သိမ်းကြဖို့နဲ့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီဟာ အဲဒီလို အမိန့်ထုတ်ပြန်ပြီးနောက် စစ်ရှောင်စခန်းတာဝန်ခံတွေကို လိုက်လံဖမ်းဆီး တာတွေ၊ စခန်းတွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်လာပါတယ်။

စစ်ရှောင်စခန်း တာဝန်ခံတွေဟာ စစ်ကောင်စီရဲ့ရန်ရှာခံရမှုကိုစိုးရိမ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေ ကိုယ်တိုင်က အကူညီတောင်းခံမှုမျိုး မလုပ်ရဲတော့ဘဲ သတင်းဌာနတွေရဲ့ ဆက်သွယ်မေးမြန်းမှုတွေကို လည်း မဖြေကြားရဲတော့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ မြောက်ဦးမြို့ပေါ်နဲ့ တိမ်ညိုကျေးရွာက စစ်ရှောင်စခန်းတာဝန်ခံတွေကို အဓိ ကထားရှာဖွေနေပြီး သူတို့တွေဟာ ရခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်နေတယ်လို့ စစ်တပ်က ယူဆလို့ လိုက်လံဖမ်းဆီးနေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးဖို့အတွက် ဒေသခံတွေကို ဆက်သွယ်ရာမှာ ဖုန်းဆက်သွယ်ရဖို့ ခက်ခဲနေတာအပြင်၊ ဖုန်းလိုင်းရပါကလည်း လျှပ်စစ်မီး အခက် အခဲကြောင့်ဖုန်းအားသွင်းလို့မရတာ စတဲ့ အခက်တွေ တွေ့ ကြုံနေရ တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်လာတဲ့ ရခိုင်ပြည် နယ်မှာ နိုဝင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၇ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက်(၈၀)ကျော်အရွယ် အဘိုးအိုတစ်ဦးတို့ ပါဝင်နေခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပေမယ့် စစ်ကောင်စီဘက်ကတော့ တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.