မော်လမြိုင်၊ နိုဝင်ဘာ (၉)
အခုရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံဈေး အနည်းငယ် ပြန်လည် မြင့်တက်လာမှုနဲ့အတူ လိုသလောက် ဝယ်ယူမရသေးတဲ့အတွက် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ပြန်လည် မြင့်တက်လာတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က တစ်စည်ကို အမေရိကန် ဒေါ်လာ (၉၅) ဝန်းကျင်လောက်သာ ပေါက်ဈေးရှိရာကနေ နိုဝင်ဘာလ (၈)ရက်နေ့မှာတော့ တစ်စည်ကို (၉၇) ဒေါ်လာထိ ဈေးနှုန်း အနည်းငယ် ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်း အနည်းငယ် မြင့်တက်လာတဲ့အတွက် ပြည်တွင်း စက်သုံးဆီဈေးနှုန်းဟာ (၉၅) ဓာတ် ဆီ တစ်လီတာကို ကျပ် ၂၀၈၀ ကနေ ကျပ် ၂၃၀၀ ထိ၊ (၉၂) တစ်လီတာကို ကျပ် ၁၉၈၅ ကျပ်ကနေ ၂၁၈၀ ကျပ်ထိ ၊ တစ်လီတာကို ကျပ် ၂၀၀ လောက် ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။
စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးကတော့ ပြည်တွင်း စက်သုံးဆီတွေကို ကမ္ဘာ့ရေနံဈေ းနှုန်းအပေါ် မူတည်ပြီး ရောင်းချပေးနေပေမယ့် ဈေးနှုန်း မတည်ငြိမ်တာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
“နိုင်ငံခြားဈေး ပြန်တက်လို့၊ ဆီဈေးက အခုက ရေနံဈေး တက်ရင် တက်တယ်။ ကျရင် တစ်ခါတည်း ကျတယ်။ အဲဒီလို။ ဘယ်လိုပြောမလဲ။ ကိုင်ထားလို့ မရဘူး ဈေးတန်းကိုလေ။ သူတို့ နေ့တိုင်းဖွင့်တဲ့ စင်ကာပူဈေး တက်ရင် ကျွန်တော်တို့က တစ်ခါတည်း တက်ပြီး ရောင်းရတယ်။ ကျရင်လည်း ကျတဲ့ဈေး ရောင်းရတယ် အဲဒီလိုမျိုး၊ အဆင်ကတော့ မပြေဘူးလေ။ မပြေဘူးဆိုတာ ဆီက သူထုတ်ရတဲ့ အချိန်နဲ့ သူပေးတာတွေနဲ့က ဘယ်လို ပြောမလဲဆိုတော့ အလျင်မမှီဘူးလေ၊ သူက ကျွန်တော်တို့ကို ခွဲတမ်းချပေးတဲ့ ဆီက ကိုယ့်စီတောင် မရောက်သေးဘူး ဆီဈေးတက်လို့ ရှိရင် တက်သွားတယ်။ ကျလို့ရှိရင် ဒီမြင့်တဲ့ ဆီတောင် မထုတ်ရသေးဘူး။ ရှင်းရှင်းပြောရင် အနိမ့်ဈေးနဲ့ ရောင်းပေးရတယ် အဲဒီလိုမျိုးလေ။ အဲဒီလိုမျိုးဆိုတော့ ဘယ်လိုမှ အဆင်ကမပြေဘူး။ တောက်လျှောက်ကျရင်တော့ ဘယ်သွားချောင်မလဲ”လို့ ဆိုပါတယ်။
လက်ရှိမှာ စက်သုံးဆီဈေးနှုန်းဟာ နေ့စဉ်နဲ့ အမျှ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေသလို စစ်ကောင်စီဘက်က လိုအပ်သလောက် ရောင်းချပေးခြင်း မရှိသေးပါဘူး။
စစ်ကောင်စီကတော့ စက်သုံးဆီ ဈေးနှုန်း ကျဆင်းစေဖို့အတွက် ရုရှားနိုင်ငံမှ စက်သုံးဆီတွေကို မှာယူ တင်သွင်း နေတယ်လို့ ပြောဆိုပေမယ့် ဈေးကွက်အတွင်း ရုရှားနိုင်ငံက စက်သုံးဆီ ရရှိခြင်း မရှိသေးဘူးလို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေ ခံ ကုန်စည်း ဈေးနှုန်းတွေ ကြီးမြင့်မှုကို သက်သာစေဖို့ နိုင်ငံခြား ငွေကြေး ဈေးကွက်ကနေ အမေရိကန် ဒေါ်လာ သန်း(၂၀၀)ကျော် ထောက်ပံ့ပေးမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ (၃၁)ရက်နေ့က ထုတ်ပြန်ထားပေမယ့် စက်သုံးဆီ ဈေးနှုန်း သိသိသာသာ ကျဆင်းခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်တုန်းက တစ်လီတာကို ကျပ်(၆၀၀) ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်လီတာကို ကျပ် ၂၄၀၀ ကျော်ထိ ၄ ဆနီးပါး ဈေးနှုန်း မြင့်တက်လာသလို ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း နေ့စဉ်နဲအမျှ ဖြစ်ပေါ်နေတာပါ။
သတင်း – သံလွင်တိုင်းမ်