ပေါင်၊ နိုဝင်ဘာ (၉)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာ၊ ကော့ကံ(အလယ်)ရွာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပုန်းခိုနေတဲ့ နေရာတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီပစ်ခတ်မှုပြီးနောက် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က ဘယ်နေရာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ် မရသေးပါဘူး။အဲဒီနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်တပ်ဖွဲ့က ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး တစ်ဦး အရှင်ဖမ်းမိသွားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ပေါင်မြို့နယ်မှာ လုံခြုံရေးတင်းကျပ်ထားပြီး တောင်ရှေ့ခြမ်းရှိ ကျေးရွာအုပ်စုတွေမှာလည်း တပ်အင်အား အများအပြား အသုံးပြုပြီး ကင်းပုန်းချထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်