ကော်သူးလေ၊ နိုဝင်ဘာ (၈)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အောက်တိုဘာလ တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ရဟန်းကိုရင်အပါအဝင် ဒေသခံအရပ်သား(၁၃)ဦး သေဆုံးပြီး အရပ်သား(၂၀၀)နီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ BGF တပ်တို့က နေ့စဉ် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အတွက် KNLA KNDO တို့နဲ့ တိုက်ပွဲကြီးတိုက်ပွဲငယ်တွေ နေ့တိုင်းဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲဖြစ်ပေါ်လာတဲ့အချိန် စစ်ကောင်စီနဲ့ BGF တပ်တွေဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားနေထိုင်တဲ့ ကျေးရွာတွေ၊ လုပ်ငန်းခွင်တွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ အရပ် သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းနဲ့ ငွေကြေးတွေကို အတင်းအဓမ္မလုယက်ယူဆောင်တာ၊ ပြည်သူလူထုပိုင်ဆိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်တွေ သတ်ဖြတ်စားသောက်တာနဲ့ ပြည်သူလူထုအပေါ် ခြိမ်းခြောက်ပြောဆိုတာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်ခဲ့ပြီး ဒေသခံရွာသားတွေအပေါ်ကိုလည်း ကောက်ရိတ်သိမ်းခွင့် မပြုတာကြောင့် ရွာသားတွေအခက်အခဲများစွာ ကြုံနေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ KNU သထုံခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တို့မှာ စစ်ကောင်စီတပ်နဲ့ BGF တပ်တို့ရဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် အောက်တိုဘာလအတွင်း အရပ်သား(၁၀)ဦး သေဆုံးခဲ့ရပြီး အရပ်သား(၃)ဦးကိုလည်း အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ကာ (၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒ့ါအပြင် စစ်ကောင်စီတပ်နဲ့ BGF တပ်တို့ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် ဒေသခံပြည်သူလူထု နေအိမ်(၄၁)လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို အရပ်သားပြည်သူ(၂၀၀)နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ပြည်သူလူထုပိုင်ဆိုင်တဲ့ ငွေကျပ်သိန်း(၇၀၀)ကိုလည်း အတင်းအဓမ္မယူဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KNU ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ရွာသားတချို့ကို စစ်ဆေးမေးမြန်း ညှဉ်းပန်းနှိပ်စက်တာ၊ ပေါ်တာအဖြစ်ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကောက်ရိတ်သိမ်းခွင့်မပေးတဲ့အတွက် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲကြုံနေရသလို ဘိတ်ထားဝယ်ခရိုင်အတွင်းမှာလည်း စားနပ်ရိက္ခာသယ်ယူခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ အခက်ကြုံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိနေတဲ့အတွက် ပြည်သူလူထု (၃၀၀,၀၀၀)ကျော်ဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူဦးရေ(၁၀၀,၀၀၀)ကျော်ဟာလည်း အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.