ထားဝယ်၊ နိုဝင်ဘာ (၈)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ မြို့ပတ်လမ်း ညောင်ပင်ကြီးနားမှာ နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်းတိုင်မ်ကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ ဦးမင်းထွေးကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သူရဲ့ ကိုယ်ပိုင်ကားပေါ်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ဦးမင်းထွေးရဲ့ ခန္ဓာကိုယ်နဲ့လက်တွေမှာ သေနတ်ဒဏ်ရာ ၁၀ ချက်ထက်မနည်း ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဦးမင်းထွေးဟာ စစ်ကောင်စီတပ်တွေနဲ့ ပျူ စောထီးအဖွဲ့တွေကို ထောက်ပံ့ပေးနေတာ၊ ပျူစောထီးခေါင်းဆောင်အနေနဲ့ လက်နက်ကိုင်ဆောင်သူဖြစ်တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဦးမင်းထွေးဟာ သပိတ်စစ်ကြောင်းတွေ၊ တော်လှန်ရေးရဲဘော်တွေကို စစ်ကောင်စီကို သတင်းပေး ဖမ်းခိုင်းတာ၊ ပြည်သူတွေကို အမျိုးမျိုး ခြိမ်းခြောက်ပြီး အိမ်မြေတွေကို မတရားလုယူတာ၊ လယ်ယာမြေတွေကို တရားမဝင် ခြံကွက်ရိုက်ရောင်းတာတွေ ကျုးလွန်ထားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးမင်းထွေးရဲ့ အလောင်းကိုတော့ သူရဲ့ နေရပ်ဖြစ်တဲ့ သရက်ချောင်းမြို့နယ်၊ဇီးတောကျေးရွာကို ဒေသ လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ ဦးမင်းထွေးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက သရက်ချောင်းမြို့နယ်ကနေ တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခဲ့ပေမယ့် မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ထားသူလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.