ရန်ကုန်၊ နိုဝင်ဘာ (၈)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရယူထားတာမရှိတဲ့ ဟွန်ဒီငွေလွှဲလုပ် ငန်း ဆောင်ရွက်သူတွေအနေနဲ့ တရားဝင်လိုင်စင်ရယူပြီး လုပ်ငန်းဆောင်ရွက်ဖို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖိအားပေးလာတာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသက တာချီလိတ်မြို့နဲ့ မူဆယ်မြို့တို့ရှိ လုပ်ငန်းရှင်တွေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ ဗဟိုဘဏ်ဥက္ကဋ္ဌက နယ်စပ်ဒေသတွေမှာ ခွင့်ပြုပေးနေတဲ့ ထိုင်းငွေနဲ့ မြန်မာငွေ ဘတ်-ကျပ်၊ တရုတ်ငွေနဲ့ မြန်မာငွေ ယွမ်-ကျပ် အစီအစဉ်တွေနဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်းတွေ တရားဝင်လိုင်စင်ရယူပြီး လုပ်ကိုင်နိုင်ရေးကိစ္စရပ်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးကတော့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နဲ့ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှုဆိုင်ရာ လိုအပ်တဲ့အချက်အလက်တွေကို ရှင်းလင်းခဲ့တာပါ။

စီးပွားရေး ပညာရှင် တစ်ဦးကတော့ ဗဟိုဘဏ်အနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ထိန်းချုပ်ချင်တာဖြစ်သလို နိုင်ငံခြားငွေတွေကို မရရအောင် လုပ်ဆောင်တဲ့သဘောဖြစ်ပေမယ့် အောင်မြင်စရာ အ ကြောင်း မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ငွေကြေးလွှဲပြောင်းမှုတွေကို ထိန်းချုပ်ချင်တာလည်းပါသလို အစိုးရအနေနဲ့က ဒေါ်လာကို မရ ရတဲ့နည်းနဲ့ လိုချင်တာပေါ့။ ဒေါ်လာရအောင် လုပ်တာပါပဲ။ သိပ်ထူးထူးခြားခြားတော့ မရှိပါဘူး။ သူတို့ (ဗဟိုဘဏ်) ဒါတွေလုပ်တာလည်း နည်းလမ်းတွေက ကုန်နေပါပြီ။နိုင်ငံခြားငွေကို မရရအောင်လုပ်တာ။ဟွန်ဒီနဲ့ ပတ်သက်လို့ကလည်း သူတို့ဆီမှာ တရားဝင်မှတ်ပုံတင်ရမယ်ဆိုတာကလည်း အရင်ကတည်းက ထုတ်ပြန်ထားတာပဲ။ဒါပေမယ့် လူတွေလည်း သူတို့နည်း သူတို့ဟန်နဲ့ လုပ်ကြတာလည်း ရှိတာပေါ့။နောက် အခုဆို ပိုဆိုးတာပေါ့။ဘာလို့ဆို အပြင်ဈေးနှုန်းနဲ့ အစိုးရသတ်မှတ်တဲ့ ငွေလဲနှုန်းက အများကြီးကွာနေတာကိုး။အဲဒီတော့ သူတို့ကတော့ ဒေါ်လာတွေ မရ ရတဲ့နည်းနဲ့ ရှာတဲ့သဘောနဲ့လုပ်တာ၊ တင်းကျပ်အောင် လုပ်တာပဲ။ ဒါပေမယ့် သိပ်ထူးထူးခြားခြား အောင်မြင်စရာလို့ မမြင်ပါဘူး”လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၂လတာအတွင်း ပြင်ပငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေပေမယ့် ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်း ရည်ညွှန်းဈေးဟာ ၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားတာပါ။

ဗဟိုဘဏ် ဥက္ကဋ္ဌကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက် ပံ့မှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ချက်တွေနဲ့ အဲဒီလုပ်ငန်းစဉ်မှာ ပါရှိတဲ့ ပြည်ပငွေလွှဲလုပ် ငန်းတွေနဲ့ ပတ်သက်ပြီး ဆုံးရှုံးနိုင်ခြေအန္တရာယ်တွေကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ဆောင်စဉ်တွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အမည်ပျက်စာရင်း (Blacklist) ထဲ ထည့်သွင်းလိုက်ကြောင်း ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။

စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ကတော့ အမည်ပျက်စာရင်းကနေ အမြန်ဆုံးပြန်လည်လွတ်မြောက်စေဖို့ စီမံနေပြီး လာမယ့် တစ်နှစ်အတွင်း ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကို ချမှတ်ရေးဆွဲပြီးဖြစ်တယ်လို့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.