ဘားအံ၊ နိုဝင်ဘာ (၅)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဟတ်တလိုက်ကျေးရွာအုပ်စုရှိ ဖလံတောင်တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် လူနာတွေကို အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ စကခ(၈) လက်အောက်ခံ ခမရ (၄၀၈) တပ်စခန်း(ကမမောင်း)ကနေ ဖလံတောင်တိုက်နယ်ဆေးရုံကို လက်နက်ကြီး (၁၂၀မမ)နဲ့ (၅)ချက် ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုမှာ ဆေးရုံထိခိုက်ပျက်စီးတာ မရှိပေမယ့် လုံခြုံရေးအရ ယာယီဆေးရုံပိတ်သိမ်းလိုက်ရပြီး တက်ရောက်ကုသနေတဲ့ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ အရေးပေါ် ပြောင်းရွှေ့ထားရတာပါ။

ဆေးရုံအပေါ် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ ကျန်းမာရေး ဝန်ထမ်းတွေကို ခြိမ်း ခြောက်မှု ဖြစ်ပြီး အခုလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ KNU သထုံခရိုင် အတွင်း ရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖလံတောင်တိုက်နယ်ဆေးရုံဟာ ကေအဲန်ယူ-ဘားအံမြို့နယ်အတွင်းရှိပြီး (၁၆) ကုတင်ဆံ့တဲ့ တိုက်နယ်ဆေးရုံ ဖြစ်သလို စစ်တပ် အာဏာသိမ်းပြီးနောက် စေတနာရှင် ကျန်းမာရေး ဝန်ထမ်းတွေ စုပေါင်းကာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတာပါ။

အဲဒီဆေးရုံမှာတော့ ဒေသခံပြည်သူတွေ သာမက ရပ်ဝေးရပ်နီးက လူနာ နေ့စဉ် ရာနဲ့ချီ လာရောက် ပြသနေတဲ့ ဆေးရုံ တစ်ခုလည်း ဖြစ်ပါတယ်။

ဖလံတောင်တိုက်နယ်ဆေးရုံကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၆ ရက်နေ့တုန်းကလည်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေ ဝင်ရောက်မွှေနောက်ပြီး ဆေးဝါးတွေနဲ့ အခြားပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ယူဆောင်တာတွေ လုပ်ဆောင်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.