မော်လမြိုင်၊ နိုဝင်ဘာ (၄)

ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ အနည်းငယ် ပြန်လည်တည်ငြိမ်လာတဲ့အတွက် မွန်ပြည်နယ် အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် ပြန်အေးနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အမေရိကန် တစ်ဒေါ်လာကို ကျပ် ၄၀၀၀ ကျော်၊ အခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်အထိ စံချိန်တင် မြင့်တက်သွားပြီးနောက် အိမ်ခြံမြေတွေအပေါ် ဝယ်ယူစုဆောင်းမှု သိသိသာသာ မြင့်တက်ခဲ့တာပါ။

ဒါပေမယ့် လက်ရှိမှာ အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဝန်းကျင်နဲ့ အခေါက်ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်ထိ ဈေးနှုန်း ပြန်လည် ကျဆင်းလာပြီးနောက် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ပြန်အေးလာတာ ဖြစ်ပါတယ်။

အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကတော့ ဒေါ်လာနဲ့ရွှေဈေးနှုန်း ပြန်လည် တည်ငြိမ်တာကြောင့် ငွေ ကြေးတတ်နိုင်သူတွေက ရွှေဘက်ကို ပြန်လှည့်ပြီး ဝယ်ယူစုဆောင်းတာတွေ ပိုမိုများပြားလာတဲ့အတွက် အိမ်ခြံမြေ ဝယ်ယူမှု လျော့ကျလာတာလို့ ပြောပါတယ်။

“ရွှေဈေးက ၂၅/၂၆ သိန်းကြားမှာ နည်းနည်းငြိမ်တဲ့အခါကျတော့ အရင်က ၃၀ အထိ ဖြစ်ခဲ့တာဆိုတော့လေ အခုဒီဟာက ငြိမ်သွားတဲ့ သဘောသက်ရောက်သွားတဲ့အခါကျ ပိုတဲ့ပိုက်ဆံကို ရွှေဘက်ကို ပြန်စုလိုက်တယ်။ ပြန်စုလိုက်တဲ့အတွက် မြေဘက်ကို အရောင်းအဝယ်အေးသွားတယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ငွေကြေးဖောင်းပွမှုနဲ့အတူ မြန်မာ့ငွေကြေးတန်ဖိုး ဆက် တိုက်ကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့သလို ရွှေနဲ့ဒေါ်လာဈေးနှုန်းဟာလည်း မတည်ငြိမ်ဘဲ မကြာခဏ အပြောင်းအလဲ ဖြစ်ပေါ်နေတာပါ။

ဒါကြောင့် ပြည်ပမှာ အလုပ်လုပ်နေသူတွေ၊ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ငွေကြေးစုဆောင်းထားသူတွေကတော့ အိမ်ခြံမြေအပေါ် ဝယ်ယူစုဆောင်းတာနဲ့ ရင်းနှီးမြုပ်နှံတာတွေ လုပ် ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကလည်း အရင်က ငွေကြေးမတည်ငြိမ်မှုတွေကြောင့် မြေကွက်ကို စုဆောင်းဝယ်ယူခဲ့ကြပေမယ့် လက်ရှိမှာတော့ ဝယ်ယူထားတဲ့ မြေကွက်တွေကို ပြန်လည်ရောင်းချသူတွေ ပိုများနေပြီး ဝယ်သူ မရှိတဲ့အတွက် အရောင်းအဝယ် ပါးနေတယ်လို့ ဆိုပါတယ်။

“အခုမြေတွေက ရေကုန်ရေခန်း ဈေးတွေဖြစ်တဲ့အခါကျတော့ တစ်ချို့ကတော့ မြေကို ပြန်ရောင်းတယ်။ရောင်းပြီး ရွှေဘက်ကို ပြန်သွားတဲ့အခါကျတော့ မြေက အခုရောင်းတဲ့သူ နည်းနည်းပြန်များလာတယ်။မူလရောင်းတဲ့သူကလည်း ရောင်းတယ်၊ဝယ်ပြီးတော့ မြှုပ်နှံထားကြတဲ့ သူကလည်း ရောင်းတယ်။ရောင်းတဲ့အခါကျတော့ အရောင်းက နည်းနည်းများသွားတယ်။နည်းနည်း အီသွားတဲ့အခါကျ ရွှေဈေးက နည်းနည်းလေး တက်တာကနေ ပုံမှန်ပြန်ဖြစ်တော့ ရွှေဘက်ကို ပြန်စုလိုက်တဲ့ သဘောဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။

လက်ရှိကာလဟာ ငွေကြေးအနည်းငယ်တည်ငြိမ်မှုနဲ့အတူ ဘာသာရေးအလှူအတန်းတွေနဲ့ ခရီးသွားတာတွေကြောင့် အိမ်ခြံမြေ အရောင်းအဝယ်အေးနေပြီး မဖြစ်မနေ အသုံးပြုမယ့်သူတွေလောက်သာ အိမ်ခြံမြေကွက်တွေကို ဝယ်ယူကြတာလို့ အကျိုးဆောင်တွေက ဆိုကြပါတယ်။

ဒါ့အပြင် ရွှေနဲ့ဒေါ်လာဈေးနှုန်း အနည်းငယ်တည်ငြိမ်လာတဲ့အတွက် အိမ်ခြံမြေဈေးကွက်မှာလည်း ကျပ်သိန်း ၆၀၀ ရှိတဲ့ ပေ ၄၀/၆၀ မြေတစ်ကွက်ကို သိန်း ၅၀ အထိ လျှော့ရောင်းနေရတယ်လို့လည်း အကျိုးဆောင်တွေက ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ အိမ်ခြံမြေ ဈေးကွက်မှာတော့ မော်လမြိုင်မြို့အတွင်းက မြိုင်သာယာနဲ့ သီရိမြိုင်ရပ်ကွက်တွေမှာ ပေ ၄၀/၆၀ တစ်ကွက်ကို သိန်း ၅၀၀ ကနေ ၆၀၀ ဝန်းကျင်အထိ ရှိသလို ပေ ၆၀/၈၀ တစ်ကွက်ကိုလည်း သိန်း ၁၀၀၀ ကနေ ၁၅၀၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.