ကျိုက်ထို၊ နိုဝင်ဘာ (၄)နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်ပြည်နယ်၊ ကျိုက်ထီးရိုးစေတီမှာ ဘုရားဖူးဧည့် သည်တွေ ပြန်လည် စည်းကားဖို့အတွက် အခမဲ့ အစီအစဉ်တွေ စီစဉ်ထားပေမယ့် လာရောက်သူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေနဲ့ ဈေးသည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာရောက်သူ မရှိသလောက်နည်းပါးသွားတာကြောင့် ဘုရားဖူးတွေ ပြန်လည် စည်းကားဖို့အတွက် မွန်ပြည်နယ် စစ်ကောင်စီနဲ့ ဂေါပကအဖွဲ့တို့ ပူးပေါင်းပြီး တန်ဆောင်တိုင် အခမဲ့ အစီစဉ်တွေ စီစဉ်ထားပါတယ်။
အဲဒီအခမဲ့ အစီအစဉ်ဟာ နိုဝင်ဘာ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ ဘုရားဖူးလာသူတွေကို တောင်တက်ကားခ၊ တည်းခိုခန်းခတွေ အခမဲ့ ပေးအပ်ထားတာ ဖြစ်ပြီး ကျိုက်ထီးရိုးတောင်ပေါ်နဲ့ တောင်အောက်တွေမှာလည်း စတုဒိသာတွေနဲ့ ဧည့်ခံကျွေးမွေးနေတာပါ။
ဒါပေမယ့် အခမဲ့ အစီအစဉ်တွေ စီစဉ်ထားပေမယ့် ဘုရားဖူးလာသူ ရာဂဏန်းလောက်သာ ရှိပြီး စနေ တနင်္ဂနွေပိတ်ရက်တွေက ဘုရားဖူးလာသူတွေနဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံတောင်မရှိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဘုရားဖူးလာသူ နည်းပါးနေတာကြောင့် တောင်ပေါ်နဲ့ ကင်းမွန်ချောင်းစခန်းက ဈေးဆိုင်တချို့ ယာယီဆိုင်ပိတ်ထားကြသလို တောင်တက်ကား အများစုကလည်း ပြေးဆွဲတာ မတွေ့ရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ဘုရားဖူးလာပြည်သူတွေကို လုံခြုံရေးအရဆိုပြီး ရင်ပြင်တော်အတက် ခြင်္သေ့နှစ်ကောင်နားမှာ ပါလာတဲ့ အိတ်တွေကို စစ်ဆေးတာ၊ မှတ်ပုံတင်၊ ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ်၊ ကိုယ်ရေးအချက်အလက် တောင်းယူတာတွေကို လုပ်နေတယ်လို့ သိရပါတယ်။
ကျိုက်ထီးရိုးစေတီဟာ စစ်တပ် အာဏာမသိမ်းခင်က နေ့စဉ် ဘုရားဖူးပြည်သူ တစ်ထောင်နီးပါး လာရောက်လေ့ရှိပြီး ရုံးပိတ်ရက်နဲ့အခါကြီးရက်ကြီးတွေမှာ ဘုရားဖူးပြည်သူ သောင်းဂဏန်းကနေ သိန်းဂဏန်းထိ လာရောက် လေ့ရှိတာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ နှစ်ဖက် အပြန် အလှန် ပစ်ခတ်မှု ဘုရားဖူးဧည့်သည် ၃ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိပြီးနောက် ဘုရားဖူးလာရောက်သူ မရှိသလောက် နည်းပါးသွားတာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်