ရန်ကုန်၊ နိုဝင်ဘာ (၃)

အာဏာသိမ်း စစ်ကောင်စီဟာ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေကို အတည်ပြုပြဌာန်ပြီးနောက် အသင်းအဖွဲ့တွေရဲ့ လုပ်ငန်းစဉ်နဲ့ ရပ်တည်ချက်တွေအပြင် ငွေကြေး စီးဆင်းမှုတွေကိုပါ ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အသင်းအဖွဲ့ပိုင် ငွေကြေးနဲ့ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်း ဆည်းနိုင်တာ၊ အသင်းအဖွဲ့အတွင်း ပါဝင်သူတွေကိုလည်း ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ အတည်ပြုဌာန်းလိုက်တာပါ။

အဲဒီဥပဒေထဲမှာ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းတွေလည်း ပါဝင်ပါတယ်။

အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၃၃ အရ ဘယ်သူမဆို မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းရင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ ကျပ် ၁၀ သိန်းထက်မပိုတဲ့ ငွေဒဏ် ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၃၄ နဲ့ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်အရ ဘယ်သူမဆို မှတ်ပုံတင်လက်မှတ် သက်တမ်းကျော်လွန်တာ၊မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ပြီးနောက် အသင်းအဖွဲ့ကို ဆက်လက်ရပ်တည်ခြင်း မပြုရဆိုတဲ့ အချက်အပြင် မှတ်ပုံတင်လက်မှတ်မရှိတဲ့ အသင်းအဖွဲ့မှာ အသင်းဝင်အဖြစ် ပါဝင်တာ၊ ဆောင်ရွက်တာ၊အားပေးကူညီတာ ဒါမှမဟုတ် အယောင်ဆောင်ခြင်း မပြုရဆိုတဲ့ အချက်တွေကိုလည်း ပြဋ္ဌာန်းထားပါတယ်။

အဲဒီ ပုဒ်မ နှစ်ခုပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်သလို ငွေဒဏ်မဆောင်ရင် နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နန်းမို့မို့ကတော့ ဒီဥပဒေဟာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုအပေါ် ပိတ်ပင်တာဖြစ်ကြောင်းနဲ့ နိုင်ငံတကာအလှူငွေတွေကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေက နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုတွေကို လုပ်ဆောင်လာ တာရှိတယ်။SAC (စစ်ကောင်စီ) က နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုအကူအညီတွေကို သူကနေပြီးတော့မှ သူ့ဆီကတစ်ဆင့် လုပ်ချင်တာ ဖြစ်တယ်။ဆိုတော့ ဒီလိုမျိုး မှတ် ပုံတင်ခြင်းဆိုင်ရာ ဥပဒေထုတ်လိုက်တဲ့အခါ ရိုးရိုးသားသား ဒီလူတွေရဲ့ အလုပ်တွေကို ပိတ်ပင်ချင်တယ်။ CSOs တွေရဲ့ တက်ကြွမှု၊ သူတို့တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပိတ်ပင်ချင်တာ တစ်ပိုင်း။အဲဒီဟာမကဘဲ နိုင်ငံတကာရဲ့ အလှူငွေတွေကိုလည်း SAC အနေနဲ့ စစ်လက်နက်သဖွယ် အသုံးပြုချင်တဲ့ ရည်ရွယ်ချက်တွေ ပါတယ်လို့ ကျွန်မ မြင်တယ်”လို့ သူက ဆိုပါတယ်။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ ၃၇ အရ ဘယ်အသင်းအဖွဲ့မဆို ငွေကြေး ပစ္စည်း ဒါမှမဟုတ် အကူအညီတစ်ရပ်ရပ်ကို တရားမဝင်တဲ့ နည်းလမ်းနဲ့ ရယူတာ၊လွှဲပြောင်းတာ၊သုံးစွဲတာ၊ထောက်ပံ့တာ အဲဒီလို ဆောင်ရွက်ချက်တစ်ရပ်ရပ်ကို ဖုံးကွယ်တာ ဒါမှမဟုတ် ထိန်ချန်တာ မပြုရဆိုပြီး စစ်ကောင်စီက ပြဋ္ဌာန်းထားတာပါ။

ဒါ့အပြင် ပုဒ်မ ၃၈ မှာတော့ မှတ်ပုံတင်လက်မှတ်ရရှိထားတဲ့ ဘယ်အသင်းအဖွဲ့အဆို နိုင်ငံတော်ကို ဆန့် ကျင်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ် မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေအပါအဝင် မတရားအသင်းနဲ့ မတရားအသင်းရဲ့ အဖွဲ့ဝင်တွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်တာ ဒါမှမဟုတ် အားပေးကူညီတာ မပြုရဘူးလို့ ပြဋ္ဌာန်းထားတာပါ။

ဥပဒေပညာရှင်တစ်ဦးကလည်း ဒီဥပဒေဟာ မှတ်ပုံတင်ပြီးသား အသင်းအဖွဲ့နဲ့ မတင်ရသေးတဲ့ အသင်း အဖွဲ့တွေကို အချိန်မရွေး အရေးယူလာနိုင်ပြီး အတိုက်အခံအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ရေးလမ်း ကြောင်းတွေကို ဖြတ်တောက်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီဥပဒေပြဋ္ဌာန်းပြီးပြီဆိုရင် ဒီဥပဒေအရ သိရှိပြီး အသင်းအဖွဲ့တွေကိုလည်းပဲ ပြင်းပြင်းထန်ထန် အရေး ယူလာနိုင်တယ်။ထို့အတူပဲ အခုန အသင်းအဖွဲ့ မှတ်ပုံမတင်ဘဲနဲ့ ဆောင်ရွက်နေတဲ့ လူမှုပရဟိတအသင်းတွေလို၊ လူမှုဖွံဖြိုးရေးအသင်းတွေ နောက်တစ်ခါ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအသင်းတွေလည်းပဲ ဒီဥပဒေအရ အရေးယူလာနိုင်တဲ့ သဘောရှိတယ်လို့ မြင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ နစကနဲ့ နိုင်ငံရေး၊စစ်ရေး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ CRPH၊ NUG၊ PDF နဲ့ EAOs EROs တို့လိုအဖွဲ့အစည်းတွေကို ထောက်ပံ့တဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်မှု အဓိက ရည်ရွယ်တာလို့ မြင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒီဥပဒေဟာ အတိုက်အခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး၊ စစ်ရေး အားပြိုင်မှုပြင်းထန်လာနေချိန်မှာ အချုပ်အခြာအာဏာအောက်က စိုးမိုးထားနိုင်တဲ့ အသင်းအဖွဲ့တွေကို စစ်ကောင်စီက ပြင်းပြင်းထန် ထန် ထိန်းချုပ်လိုက်တဲ့ သဘောမျိုး ဖြစ်တယ်လို့လည်း ဥပဒေပညာရှင်က ထောက်ပြပါတယ်။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ ၃၉ မှာတော့ မှတ်ပုံတင်လက်မှတ်ရရှိထားတဲ့ ဘယ်အသင်း အဖွဲ့မဆို နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိခိုက်စေတဲ့ ဆောင်ရွက်မှုတွေ မပြုရလို့ တားမြစ်ထားတာပါ။

ပုဒ်မ ၃၈ နဲ့ ၃၉ ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျုးလွန်ရင် အသင်းအဖွဲ့ရဲ့ တာဝန်ရှိသူကို ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ သိန်းငါးဆယ် ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ့်အပြင် ပြစ်မှုကျူးလွန်တဲ့ အသင်းအဖွဲ့ကိုလည်း ဖျက်သိမ်းတာနဲ့ အသင်းအဖွဲ့ပိုင် ငွေကြေး၊ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီရဲ့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြောင့် ပြည်သူတွေနဲ့ အနီးကပ်ရှိနေကြတဲ့ ပြည်တွင်းအခြေစိုက် လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ သွားလာလှုပ်ရှားတာတွေ၊ ဝန်ဆောင်မှုပေးတဲ့နေရာတွေမှာ ပိုပြီး အခက်အခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ တရားဝင် အစိုးရမဟုတ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းတွေ၊ အလှူ ရှင်တွေအနေနဲ့ စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေကို အသိအမှတ်မပြုဖို့ လိုတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတက်ကြွသူတွေက ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.