မော်ဘီ၊ နိုဝင်ဘာ(၃)
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ လူပေါင်း ၁၃၅ ဦးအထိ သေဆုံးခဲ့ပြီး လူအချို့ဆေးရုံတက်ရောက် ကုသရတဲ့ အထိ ဖြစ်စေခဲ့တဲ့ တံတားပြိုကျတဲ့နေရာသို့ သွားရောက်ခဲ့ပြီး ဒီဖြစ်ရပ်ကို သင်ခန်းစာယူသင့်တယ်လို့ နိုဝင်ဘာ ၂ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
မိုဒီရဲ့ ဇာတိမြို့ ဂူဂျာရက်မှာရှိတဲ့ မာချ်ချူ Machchhu မြစ်ကမ်းနံဘေးမှာ ဒေသခံတွေစုရုံးရောက်ရှိလာချိန်မှာ တော့ အိန္ဒိယစစ်တပ်၊ ရေတပ်နဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်အဖွဲ့တွေဟာ ကယ်ဆယ်ရေး လုပ်ငန်း တွေကို ဆောင်ရွက်လျှက်ရှိနေခဲ့တာပါ။
မော်ဘီမှာရှိတဲ့ ကိုလိုနီခေတ် ကြိုးတံတားဟာ ဒေဝါလီ ပွဲတော်ကျင်းပတဲ့ တနင်္ဂနွေညနေပိုင်းမှာ အလည်အပတ် လာရောက်သူတွေနဲ့ ပြည့်နှက်နေပြီး ပြိုကျချိန်မှာတော့ ရေထဲသို့ ၁၀ မီတာ (၃၃ ပေ) အထိ ရောက်ရှိ သွားခဲ့ပါတယ်။
တံတားပြိုကျချိန်မှာ လူ ၂၀၀ လောက်ရှိကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့ပါတယ်။
လူအရေအတွက်အများပြားကို တံတားပေါ်မှာ တစ်ချိန်တည်း ထားဖို့ မလိုအပ်ပေမယ့်လည်း လူ ၄၀၀ အတွက် လက်မှတ်တွေကို ရောင်းချထားခဲ့တာဖြစ်တယ်လို့ စည်ပင်သာယာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
” ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ကဏ္ဍအားလုံးကို ဖော်ထုတ်နိုင်မယ့် အသေးစိတ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်” လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
“စုံစမ်းမေးမြန်းတာထက်ကို ဒီဖြစ်ရပ်ကနေ သင်ခန်းစာ ယူဖို့အရင် လုပ်ရမှာပါ” ဟု မိုဒီမှ ပြောကြားခဲ့ကြောင်း လည်း ဝန်ကြီးချုပ်ရုံးအဖွဲ့က ထုတ်ပြန်ပါတယ်။
နယူးဒေလီမြို့တော်မှာတော့ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာက ဂူဂျာရတ်ပြည်နယ် အကြီးအကဲ ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ပြီး လျော်ကြေးငွေ ထပ်မံတောင်းခံခဲ့တာပါ။
ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုအားလုံးကို နစ်နာကြေး ရူပီး ၂ သန်း (ဒေါ်လာ ၂၄၀၀၀) ပေးရန် ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။
အခုအချိန်အထိ ပြည်နယ်နဲ့ ဗဟိုအစိုးရတွေက အသက်ဆုံးရှုံးခဲ့ရတဲ့ ဆွေမျိုးတွေအတွက် ရူပီး ၆ သိန်း (ဒေါ်လာ ၇,၀၀၀) နဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာရှိ ဒေသခံတွေက သေဆုံးသူဦးရေ နောက်ထပ်တိုးလာမှာကို စိုးရိမ်နေနတယ်လို့ ပြောကြားခဲ့တာပါ။
မော်ဘီမြို့ရှိ အကြီးတန်း အုပ်ချုပ်ရေး အရာရှိ ဂျီတီ ပန်ဓျာ GT Pandya က ဒဏ်ရာရရှိသူတွေထဲမှာ သေဆုံး သွားသူတွေလည်းရှိလာပြီး သေဆုံးသူ ၁၃၅ ဦးအထိ ရှိပြီဖြစ်ကာ တစ်ဦးပျောက်ဆုံးနေတယ်လို့ ပြောကြား ထားပါတယ်။
လူပေါင်း ၅၆ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ၁၀ ဦးမှာ ဒဏ်ရာများ ရရှိထားဆဲဖြစ်ကြောင်း အကြီးတန်းရဲအရာရှိ က Reuters သတင်းဌာနကို ပြောကြားခဲ့တာပါ။
အရှည် ၂၃၃ မီတာ၊ အကျယ် ၁.၂၅ မီတာရှိတဲ့ တံတားကို ၁၈၇၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ပြုပြင်ထိန်း သိမ်းဖို့ အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အထိ ခြောက်လကြာ ပိတ်ထားခဲ့ရတာပါ။
အခင်းဖြစ်ပွားရာ CCTV မှတ်တမ်းတွေအရ တံတားမပြိုကျမီ လူငယ်တစ်စုဟာ တံတား တစ်ဖက်ကနေ တစ်ဖက်ကို တွန်းထိုးခုန်ကူးနေကြတာကို တွေ့ရပါတယ်။
လူအများအပြားကို တစ်ချိန်တည်းမှာ တံတားပေါ်ကို ဖြတ်သန်းခွင့်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူသေဆုံးမှုနဲ့ မသက်ဆိုင်တဲ့ လူ ၉ ဦးကို ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ လက်မှတ်ရောင်းသူတွေနဲ့ ပြုပြင်ရေးတာဝန်ခံ ကန်ထရိုက်တာတွေ ပါဝင်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကတော့ သေဆုံးသူအများစုမှာ ကလေးငယ်တွေ ဖြစ်ကြပြီး အသက်ဆုံးရှုံးခဲ့ရမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြတာပါ။
Ref; Reuters