ရေး၊ နိုဝင်ဘာ (၃)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် ခြုံခိုတိုက်ခိုက်ခံရ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးသွားတယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ လမ်းကင်းချဖို့လာတဲ့ စစ်ကောင်စီကား ၂ စီးကို ဝဲခမိကျေးရွာနဲ့ရွာသာ အေးကျေးရွာကြားမှာ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဘက်က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အဲဒီနေ့ ည ၇ နာရီလောက်မှာလည်း သံဖြူဇရပ်ဘက်ကနေ ရေးဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီကား ၆ စီးပါယာဉ် တန်းကို ရွာသာအေးရွာနဲ့ပိန္နဲတောကျေးရွာကြားမှာ ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေ အဆိုအရ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ် ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်၊ ရေး-သံဖြူ ဇရပ်လမ်းပိုင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံရနေသလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.