မော်လမြိုင်၊ နိုဝင်ဘာ(၃)
မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို မြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါးနဲ့ လူငယ်အရေး ဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ရေး၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်တို့မှာ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပြီး ကျန်မြို့နယ်တွေ ဖြစ်တဲ့ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ ဘီးလင်း၊သထုံနဲ့ကျိုက်ထိုမြို့နယ်တို့မှာ သုံးစွဲမှု မြင့်တက်လာတာပါ။
မူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေကို ကောက်ယူထားတဲ့ စစ်တမ်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ အသက် ၁၆ နှစ်ကနေ အသက် ၃၀ အရွယ် လူငယ် ၉၀ ရာခိုင်နှုန်းကျော်ထိ မူးယစ်ဆေးဝါး သုံးစွဲလာကြတယ်လို့ ဆိုထားပါတယ်။
ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အ လမ်း ရှားပါးလာတာ၊ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူရရှိနေတဲ့အတွက် သုံးစွဲမှု မြင့်တက်လာရတာ ဖြစ်ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းချမှုတွေမှာလည်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ မွန်လူငယ်အရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
“အများစုက ဘိန်းစာရွက် ရွာတိုင်းလိုလို တွေ့လာရတာပေါ့နော်။ အခုနောက်ပိုင်း တချို့ ရွာတွေက တော့ ဘိန်းစာရွက်သုံးတာ မိဘတွေတောင် အားပေးတဲ့ အခြေအနေလို ဖြစ်လာတာပေါ့နော်။ ရွာတိုင်းလိုလို မူးယစ်ဆေးဝါး မသုံးတဲ့လူ ရှားသွားပြီးပေါ့အခု။ စစ်ကောင်စီက အကုန်လုံးက သူတို့ စစ်သားတွေပဲ လွတ်ထားတာ တွေ့တာပေါ့နော်။ သူတို့က ကျွန်တော်တို့ကို လာစပ်တာပေါ့။ဆေးခြောက် ယူမလား လာစပ်တာ၊ လာစပ်ပြီးတော့ သူဘာသူ အကုန်လုံး ပြောပြတာပေါ့၊ သူက ဗိုလ်ကြီး အဲဒီ အပေါ်မှာ ရှိတာ၊ မူးယစ်ဆေးဝါးက သူတို့နဲ့ မကင်းဘူး၊ ပြီးတော့ စစ်ကောင်စီကြောင့်လည်း အများကြီး ပါတာပေါ့နော်”လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ကျေးလက်ဒေသက လူငယ်တွေအကြားမှာ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲမှု ပိုမိုမြင့်တက်လာသလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို စစ်ကောင်စီဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ မရှိတော့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူလို့ ရနေတာကြောင့် သုံးစွဲမှုတွေ အရင်ထက် သိသိသာသာ မြင့်တက်လာသလို ဆေးကြောင်ပြီး မိမိကိုယ်ကို အဆုံးစီရင်တာနဲ့ တခြားတွေကို ရန်ပြုတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ကျတော့ ကျွန်တော်တို့ ဒီဘက်ခြမ်းမှာ ကျတော့ အရင်ကထက်တော့ များလာတယ်လို့တော့ ပြောလို့ ရတယ်။ မူးယစ်ဆေးဝါးကြောင့် မို့လို့ ကိုယ်ဟာကို ဆွဲကြိုးချပြီး သတ်သေလိုက်တာတို့ ဘာတို့ အဲဒီလိုမျိုးတော့ ရှိတယ်။ ဒီထဲမှာတော့ အဲ့လိုမျိုး ကိုယ်ဘာကို လုပ်ကြံတာတွေ ဘာတွေပဲ ရှိတာပေါ့နော်။ အခုလိုမျိုး သူများကို လိုက်ခုတ်တာ ဘာညာကျတော့ ဒီဖြစ်စဉ် ကြီးကြီးမားမား ဆိုလို ကျွန်တော် (၂)နှစ် ပတ်ဝန်းကျင်မှာ ဒီတစ်ခုပဲ ကြုံဖူးသေးတယ်”လို့ ဆိုပါတယ်။
ကျေးရွာတွေမှာတော့ မူးယစ်ဆေးဝါး အမျိုးအစားမှာ ပါဝင်တဲ့ WYနဲ့ ဘိန်းစာရွက်တွေကို အဓိက အသုံးပြု နေကြတာ ဖြစ်သလို မူးယစ်ဆေးဝါး သုံးစွဲပြီး နောက်ဆက်တွဲ ပြသနာတွေလည်း ဆက်တိုက် ဖြစ်ပေါ်နေတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း မုဒုံမြို့နယ်မှာ မူးယစ်ဆေးကြောင်နေတဲ့ ဦးလေးဖြစ်သူက ဓါးနဲ့ ခုတ်သတ်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးထားပါတယ်။
မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပိုမိုမြင့်တက်လာတဲ့ ပြဿနာကို အမြန်ဆုံး ထိန်းချုပ် နိုင်ခြင်းမရှိပါက ပိုမိုဆိုးရွားတဲ့ အခြေအနေထိ ရောက်ရှိလာနိုင်တယ်လို့ မူးယစ်ဆေးဝါးအရေး ဆောင်ရွက်သူနေတွေက ထောက်ပြကြပါတယ်။
သတင်း – သံလွင်တိုင်းမ်