ထီးလင်း – နိုဝင်ဘာ(၃)
မကွေးတိုင်း ထီးလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းထူးချွန်ဆုရ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောက်ထိုက်အပါအဝင် ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ စစ်တပ် အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁) ရက်နေ့က စစ်ကောင်စီတပ်နဲ့ ယောကာကွယ်ရေးတပ်ဖွဲ့ – YDF ထီးလင်း တို့တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်ကောင်စီတပ်သားတွေရဲ့ သေ ဆုံးနေတဲ့ ရုပ်အလောင်းတွေကို မီးရှို့ထားတဲ့ ပြာပုံတွေကို တွေ့ရှိခဲ့ရပြီးဒုဗိုလ်မှူးကြီးအောင်ထိုက် ကိုတော့ ထီးလင်းမြို့နယ်ခန်းမ မှာ မီးသဂြိုလ်ခဲ့တာပါ။
ထီးလင်းမြို့နယ်ခန်းမမှာ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အောင်ထိုက်နဲ့အတူ ဒုတပ်ရင်းမှူးဖြစ်သူ တို့ကို မီးရှို့ခဲ့တာဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကြောင်းဟာ ကလေးမြို့ ဘက်ကလာတဲ့ စစ်ကြောင်းဖြစ်ပြီး လက်တလော စစ်ကြောင်းဦးဆောင်သူတွေသေဆုံးသွားတဲ့အတွက် ကမောက်က မဖြစ်နေကြပြီး စစ်ကြောင်းဆက်ထိုးဖို့ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
ထီးလင်းမြို့နယ် ပါးမျဉ်းနဲ့ ကျားခဲ ကျေးရွာကြားမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးခဲ့တဲ့ တပ်သားတွေကို မီးရှို့ထားတဲ့ ပြာပုံ(၆)ခုတွေ့ရပြီး ဒဏ်ရာရရှိသူလည်း (၃) ဦးရှိခဲ့ တယ်လို့ ယောကာကွယ်ရေးတပ်ဖွဲ့ YDF ထီးလင်းက သတင်းထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အောက်တိုဘာလ ကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေကာ စစ်ကောင်စီဘက်က ငါးဆယ်ထက်မနည်းသေဆုံးထားတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ