ညောင်လေးပင်၊ နိုဝင်ဘာ (၃)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကျေး ရွာထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ အဖွားအို တစ်ဦး သေဆုံးသွားတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ည ၈ နာရိလောက်မှာ စစ်ကောင်စီရဲ့ ခမရ(၅၉၀)တပ်ရင်းက KNU မုန်းမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ ထီးတိုလိုကျေးရွာအတွင်းကို လက်နက်ကြီး(၃)လုံးပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းနေထိုင်တဲ့ အသက်(၇၈)နှစ်အရွယ် အဖွားအိုတစ်ဦးကို ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးစကြောင့် အဖွားအိုရဲ့ ဦးခေါင်းနဲ့ ဝမ်းဗိုက်ကို ထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ KNU မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်လျက်ရှိပြီး ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ပိုမိုများပြားလာခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ရွာစကောကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူနှစ်ဦးကို ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုကြောင့် ပြီးခဲ့တဲ့ မေလကနေ စက်တင်ဘာလအထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၁ သိန်း နီးပါးထိ ရှိလာခဲ့သလို ဒေသခံ ၁၆ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.