အမှန်/အမှား
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းအပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မြောင်မြို့နယ်မှာ ဆက်ကြေးမပေးလို့ဆိုပြီး မသန်စွမ်းအမျိုးသားတစ်ဦးကို PDF တွေက သေနတ်နဲ့ပစ်သတ်သွား “ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့လူမှု ကွန် ရက်နဲ့ တယ်လီဂရမ်ကနေ အောက်တိုဘာလ (၂၄)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ ” စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေဘုံသာရွာမှာ အောက်တိုဘာ ၁၉ ရက်နေ့က PDF အမည်ခံ အကြမ်းဖက်အင်အား အများအပြားဟာ ရွာထဲကိုဝင်ရောက်ပြီး ဆက်ကြေးကောက်ခံရာမှာ ပေးစရာမရှိလို့ မပေးနိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ကိုယ် အင်္ဂါမသန်စွမ်းသူ ဦးမြင့်ဦး ဆိုသူကို သေနတ်နဲ့ ပစ်သတ်သွားကြတယ်” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ ဖြန့်ဝေခဲ့ကြတာပါ။
စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
– https://bit.ly/3NmbgnK– https://bit.ly/3SVCNh1– https://bit.ly/3zwfOly
ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ မသန်စွမ်းအမျိုးသားကို စစ်ကောင်စီတပ်က ပစ်ခတ်သွားတာဖြစ်ပြီး သတင်းအမှားကို စစ်ကောင်စီအကောင့်တုတွေက ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ အောက်တိုဘာလ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေဘုံသာရွာကို စစ်ကောင်စီတပ်သား အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် ရွာထဲက ကိုယ်အင်္ဂါမသန်စွမ်းသူဦးမြင့်ဦးကို ပစ်သတ်သွားတာလို့ RFAသတင်းဌာနက ဒေသခံတွေကို မေးမြန်းကာ ဖော်ထုတ်ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီက ပစ်သတ်လိုက်လို့သေဆုံးသွားတဲ့ မသန်စွမ်းသူဦးမြင့်ဦးဟာ စစ်တပ်ကရွာထဲဝင်လာချိန် လွတ်အောင်ပြေးချိန်ရခဲ့ပေမယ့် အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ အဖေအိုကြီးကို ပစ်မထားခဲ့ရက်၍ ဖခင်ရှိရာအိမ်သို့အသွား အိမ်အဝင်ပေါက်နားမှာပင် စစ်တပ်ရဲ့ ပစ်သတ်ခြင်း ခံလိုက်ရတာဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM အဖွဲ့က မျက်မြင်ကိုယ်တွေ့ကြုံရသူများကို RFA က မေးမြန်းကာ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
RFAသတင်းဌာနရဲ့ သတင်းလင့်− https://bit.ly/3DRwNBI
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM အဖွဲ့ထုတ်ပြန်ချက်လင့်− https://bit.ly/3sObt9G
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မြောင်မြို့နယ်မှာ ဆက်ကြေးမပေးလို့ဆိုပြီး မသန်စွမ်းအမျိုးသားတစ်ဦးကို PDF တွေက သေနတ်နဲ့ပစ်သတ်သွား” ဆိုတဲ့ သတင်းဟာ ဖြစ်စဥ်အမှန်ကို သက်သေအခိုင်အလုံမရှိဘဲ PDF တွေ ကျူးလွန်ခဲ့သယောင် စစ်တပ်ထောက် ခံသူတွေဘက်က စွပ်စွဲရေးသားထားတဲ့ သတင်းအမှားတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်