ဘီးလင်း၊ နိုဝင်ဘာ (၂)

မွန်ပြည်နယ်၊ ဘီးလင်းမြို့အဝင် ၊ တိုးဂိတ်ဟောင်းအနီးမှာ ရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ည ၉ နာရီလောက်မှာ ထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက် စုံစမ်းနေကြောင်းနဲ့ နှစ်ဖက်ပစ်ခတ်မှုမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်နေ့ ည ၈ နာရီလောက်မှာလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာနဲ့ ဒေါက်ရပ်ကျေးရွာကြားမှာ စစ်ကောင်စီ ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဘီးလင်းမြို့အဝင် တိုးဂိတ်ဟောင်းအနီးမှာ ရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ စစ်တပ် အာဏာ သိမ်းပြီးနောက် ၅ ကြိမ်ထက် မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုမှာ ဒုရဲမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.