မော်လမြိုင်၊ နိုဝင်ဘာ (၂)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ပစ်ခတ်မှုမှာ ဖမ်းဆီးခံ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) က သေဆုံးပြီးသာသူတချို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၁ ရက်နေ့မှာ ဝါဒဖြန့်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပစ်ခတ်မှုမှာ သေဆုံးသွားပြီးဖြစ်တဲ့ KNU တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့နဲ့ NLD ဘီးလင်းအမတ် ဦးကျော်မျိုးမင်းတို့ ပါဝင် ပတ်သက်သူတွေဆိုပြီး စစ်ကောင်စီက ပုံနဲ့တကွ ကွင်းဆက်ဖော် ထုတ်ပြန်လာတာပါ။
သူတို့နှစ်ဦးထဲက KNU တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်အတွင်း သွေးတိုးရောဂါနဲ့ ကွယ်လွန်ခဲ့သူဖြစ်ပြီး NLD ဘီးလင်းအမတ် ဦးကျော်မျိုးမင်းဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က သေဆုံးခဲ့ရတာပါ။
စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးအကျဉ်းချခံထားရသူ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း ကျိုက်ထီး ရိုးပစ်ခတ်မှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေ ဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ NLD ဘီးလင်းအမတ် ဒေါ်သီရိရတနာ၊ NLD အမတ်ဟောင်း ဦးအောင်ကျော်သူ နဲ့ မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်တို့ကိုလည်း ကျိုက်ထီးရိုးပစ်ခတ်မှုမှာ ပါဝင်ပတ်သက်သူတွေဆိုပြီး ကွင်းဆက်ဖော်ပြထားတာပါ။
သထုံခရိုင်PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးပြီးသားသူတွေကို ဖြစ်စဉ်ထဲ ထည့်သွင်း တာဟာ NLD၊ KNU/KNLA နဲ့ PDF တို့ ပူးပေါင်းပြီး ပြည်သူတွေကို သတ် ဖြတ်နေတယ်ဆိုတဲ့ ပုံရိပ်ဖြစ်အောင် ဝါဒဖြန့်တဲ့ သဘော ဖြစ်တယ်လို့ ဆိုပါတယ်။
“အမှန်က သူတို့ရဲ့ အပြစ်တွေကို ဖုံးတာပေါ့။အပြစ်တွေကို ဖုံးလို့ရမလားဆိုပြီး လုပ်တာပေါ့။ကျွန်တော်တို့ NLD ရယ် PDF ရယ် KNU/KNLA တို့ ပေါင်းပြီး ပြည်သူတွေကို အမြဲတမ်းသတ်ဖြတ်နေတဲ့ ပုံဖြစ်အောင် ပြည်သူတွေကို နားထဲရိုက်သွင်း တာပေါ့။ ဒါပေမယ့် ပြည်သူတော်တော်များများတော့ သူတို့ရဲ့ (စစ်ကောင်စီ) အကြောင်းတွေကို သိပြီးသားပါ။အခုဆိုရင် မရှိတော့တဲ့ သူတွေ ကို ထည့်ပြီးတော့ စစ်ကောင်စီက ထုတ်ပြန်တယ်ဆိုတော့ အမှားကြီးမှားနေပြီ။အဲဒါကို ကြည့်ခြင်းအားဖြင့်လည်း ပြည်သူတွေက တစ်ခုပဲ ပြန်သုံးသပ်ပေါ့။ကျွန်တော်တို့ ကင်မွန်းချောင်းဖြစ်စဉ်မှာ ဘုရားဖူးတွေ အများကြီး ဒဏ်ရာရရှိတယ်၊ပြည်သူတွေ ဒဏ်ရာရ ရှိတယ်။နောက် ပြည်သူတွေ သေဆုံးတယ်။အဲဒီဖြစ်စဉ်နဲ့ အခုသူတို့ လိမ်ညာတာနဲ့ဆို တွက်ကြည့်လေ။ဒီဖြစ်စဉ်ကို ပြန်သုံးသပ်ရင် သူတို့ ပစ်တယ်ဆိုတာ ပိုပြီးတော့ ခိုင်ခိုင်မာမာဖြစ်တယ်ဆိုတာ သူတို့ ပြလိုက်တဲ့ သဘောပါပဲဗျာ”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို သိမ်းယူချိန်ကစပြီး နိုင်ငံပိုင် ရုပ်သံသတင်းဌာနတွေ၊ လူမှုကွန် ရက်စာမျက်နှာတွေနဲ့ သတင်း စာတွေကို ဝါဒဖြန့်ချီရေး ပလက်ဖောင်းအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာပါ။
ဒါပေမယ့် အာဏာရှင်အဆက်ဆက် အသုံးပြုလာတဲ့ သတင်းမှား ပုံရိုက်မှုတွေဟာ ကမ္ဘာကြီးက ရွာဖြစ်နေတဲ့ ၂၁ ရာစုခေတ်မှာတော့ လူထုတွေ အယုံအကြည်မဲ့လာနေသလို ဆိုရှယ်မီဒီယာကုမ္ပဏီတွေဘက်ကနေလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့် စာမျက်နှာနဲ့ ချန်နယ် တွေကို ဖျက်သိမ်းလာတာတွေ လုပ်ဆောင်နေတာပါ။
ဝါရင့်သတင်းစာဆရာတစ်ဦးကလည်း သေဆုံးပြီးသားသူတွေနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့သူတွေကို စစ်ကောင်စီက ဒီလိုမျိုး ဝါဒ ဖြန့်မှုဟာ အရည်အသွေးညံ့ဖျင်းတယ်ဆိုတာ ဖော်ပြတာပဲလို့ သုံးသပ်ပါတယ်။
“ဒီလိုမျိုး သေဆုံးပြီးသားသူတွေ နောက်တစ်ခုက တိုက်ရိုက်လည်း မသက်ဆိုင်တဲ့သူတွေကို ဒီလိုမျိုး ဝါဒဖြန့်တဲ့ ဇာတ်လမ်းတွေ ထဲမှာ ထည့်သွင်းပြီး ရေးတယ်ဆိုတာက စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီမှုတွေက ဘယ်လောက်အထိ အရည်အသွေးညံ့ဖျင်း လာတယ် ဆိုတဲ့ဟာမျိုးကို ဖော်ပြတာပဲလို့ မြင်ပါတယ်။သတင်းထုတ်ပြန်မှုတွေ သတင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း သတင်းမီဒီယာ တွေက မေးမြန်းခွင့်ရှိတဲ့ အနေအထားမဟုတ်ဘူး။ သတင်းမီဒီယာသမားတွေကိုလည်း ဖမ်းဆီးနေသလို သတင်းမီဒီယာတွေရဲ့ တုံ့ပြန်မေးမြန်းမှုမျိုးကိုလည်း ဘယ်တုန်းကမှ လက်ခံနိုင်တဲ့ အနေအထားမျိုး ရှိတာ မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီ) လုပ်ကြံ ထားတဲ့ ဇာတ်လမ်း၊ဆင်ထားတဲ့ ဇာတ်လမ်း ၊ အဲဒီအတိုင်းပဲ ထုတ်ပြန်တယ်။ယုံယုံ မယုံယုံ၊ ယုံမယ့်သူတစ်ချို့ ရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တယ်လို့ပဲ ယူဆပါတယ်”လို့ သူက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကတော့ ကျိုက်ထီးရိုးတောင်တက်ကားဂိတ် ပစ်ခတ်မှုအတွင်း ဘုရားဖူးပြည်သူတွေ ထိခိုက်သေဆုံးမှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဘုရားဖူးဧည့်သည် အမျိုးသမီး သုံးဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့KNU က ဆိုထားပါတယ်။
စစ်ကောင်စီကတော့ အဲဒီတိုက်ခိုက်မှုဟာKNLA တပ်မဟာ (၁) နဲ့ NUG၊CRPH တို့ရဲ့ လက်ဝေခံ PDF အဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်လို့ ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ထုတ်ပြန် ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်