ညောင်လေးပင်၊ နိုဝင်ဘာ (၁)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၈)ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၈)ရက်နေ့ ညက KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် သစ်ချဆိပ်ကျေးရွာ စားကျက်မြေပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် တောင်ယာလုပ်ကိုင်လျက်ရှိတဲ့ ဒေသခံပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်တဲ့အတွက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်က နတ်သံကွင်းကနေ ဝါးပင်စုကျေးရွာထဲကို ဒရုန်းနဲ့လက်နက်ကြီးပစ်ချခဲ့တာကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၆)ရက်နေ့ မနက်အစောပိုင်းကလည်း နတ်သံကွင်းရှိ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်ခဲ့သလို ည(၈)နာရီနဲ့ (၁၀)နာရီခွဲအချိန့်ခန်မှာလည်း ဆိပ်ကြီးနဲ့ ကျောက်ခဲကြီးကျေးရွာက စစ်ကောင်စီတပ်ဟာ အင်းနက်ဘုန်းကြီးကျောင်းကို လက်နက်ကြီး (၄)ချက်၊ နရွဲပင်ကျေးရွာကို လက်နက်ကြီး(၅)ချက် ပစ်ချခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.