ရန်ကုန်၊ နိုဝင်ဘာ(၁)

နိုင်ငံတဝန်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါ အဝင် မဟာမိတ်တပ်ပေါင်းစုတွေနဲ့ မဟာဗျူဟာအရ ပူးပေါင်းပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ အမျိူးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က လာမယ့် ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်း စစ်ကောင်စီကို ခံစစ်ကနေ ထိုးစစ်ဆင် ပြောင်းလဲပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ အပါအဝင် ဘက်ပေါင်းစုံကနေ စစ်မျက်နှာ ၆ ခုဖွင့်ပြီး တော်လှန်ရေး အဆုံးသတ်သွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ ကြေညာထားပါတယ်။

လက်ရှိမှာတော့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့အတွက် မဟာမိတ်တပ်ပေါင်းစုတွေနဲ့ မဟာဗျူ ဟာအရ ပူးပေါင်းပြင်ဆင်တာတွေ ဆောင်ရွက်နေပြီး တချို့မြို့တွေမှာဆိုရင် စစ်ကောင်စီတပ်ကို ဝိုင်း ထားတဲ့ အခြေအနေအထိ ရှိလာတယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ရာမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

“မြို့သိမ်းတိုက်ပွဲတွေက ဖော်ဆောင်မှာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ မြို့သိမ်းတိုက်ပွဲကိုမဖော်ဆောင်ခင်မှာ သူတို့တွေလှုပ်ရှားလို့မရအောင်၊ သူတို့တွေလှုပ်ရှားတဲ့နယ်မြေတွေကျဉ်းအောင် မြို့ထဲမှာတောင်မှ သူတို့တပ်အပြင်ကိုမထွက်နိုင်တဲ့အနေအထားရောက်အောင် လုပ်ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ အဘက်ဘက်က ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေ အထိအခိုက်အနည်းဆုံးနဲ့ အောင်အောင်မြင်မြင်ဖြစ်အောင် MOD အနေနဲ့ မဟာဗျူဟာတွေကို မဟာမိတ်တွေနဲ့ ဆွေးနွေးပြင်ဆင်ဆောင် ရွက်နေတဲ့အနေအထားမှာ ရှိပါတယ်”လို့ ပြောပါတယ်။

ဒါပေမယ့် မြို့သိမ်းတိုက်ပွဲတွေကို ဘယ်အချိန် ဘယ်ကာလမှာ ဘယ်လိုပုံစံတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကိုတော့ NUG က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၁) ရက်နေ့ကလည်း ကော့ကရိတ်တိုက်ပွဲကို မြို့သိမ်းတိုက်ပွဲဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ကြတဲ့အတွက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် တုံ့ပြန်ခဲ့တာပါ။

လေကြောင်းရန်ကာကွယ်ရေးတပ် CDM ဒုတိယအရာခံဗိုလ်တစ်ဦးကတော့ စစ်ကောင်စီရဲ့ လေ ကြောင်းရန်ကို ကာကွယ်နိုင်မယ်ဆိုရင် မြို့သိမ်းတိုက်ပွဲတွေ အတိုင်းအတာတစ်ခုအထိ ဖော်ဆောင်နိုင်မှာ ဖြစ်လို့ အရင်ဆုံး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကာကွယ်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့စစ်တပ်ရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ပြီဆိုရင် ချက်ချင်းမြို့သိမ်းတိုက်ပွဲတွေကို မဖော်ဆောင်နိုင်ရင်တောင် အများကြီးတိုးတက်မှုတွေရှိနိုင်တယ်။အောင်မြင်ဖို့အလားအလာကပိုပြီးများပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ဆိုရင် အဓိက သူတို့ရဲ့လေယာဉ်ပျံတက်လို့မရအောင် လေယာဉ်ပြေးလမ်းတွေ၊လေတပ်ဌာနတွေကိုတိုက်ခိုက်တာတွေအထိ လုပ်ဆောင်နိုင်မယ်ဆိုရင် လေကြောင်းတိုက်ခိုက်မှုကနေကာကွယ်နိုင်ဖို့ပိုပြီးအထောက်အကူပြုပါတယ်။လေကြောင်းရန်ပစ်တဲ့လက်နက်တွေရှိရင်တော့ပိုပြီးကောင်းတာပေါ့ဗျာ။” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာသလို အရပ်းသားပြည်သူတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူး လွန်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တုံ့ပြန်ဖို့အတွက် လေယာဉ်ပစ် လက်နက်တွေကို အထိရောက်ဆုံး ဖြစ်မယ့် နေရာတွေမှာ မဟာဗျူဟာကျကျ စီမံဆောင် ရွက်နေပြီလို့ ပြောဆိုထားပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ကြိမ်ရေ ၂၅၀ ထက်မနည်း ပြုလုပ်ထားပြီ အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.