ထားဝယ်၊ နိုဝင်ဘာ (၁)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဘက်ဒေသမှာ စစ်ကောင်စီဘက်က တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စစ်ရေး ပိုမို တင်းမာလာတယ်လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ထားဝယ်ကနေ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ် ကြောင်း တစ်ကြောင်း၊ သရက်ချောင်းကနေ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်း တစ်ကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၂ ကြောင်း ထားဝယ်အရှေ့တောနယ်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကပြီး ထားဝယ်အရှေ့တောဒေသရှိ ဓါးသွေးကျောက်ကျေးရွာအနီးမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ရေး ပိုမို တင်းမာလာတာပါ။
နှစ်ဖက်တိုက်ပွဲကြောင့် ဓါးသွေးကျောက်ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသလို အနီးအနားကျေးရွာပတ်ဝန်းကျင်က ဒေသခံတွေကလည်း ကြိုတင်တိမ်းရှောင်တာတွေ ရှိနေပါတယ်။
ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ထားဝယ်အရှေ့တော PDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထားဝယ်-ထီးခီးလမ်းပေါ်မှာ သွားလာနေတဲ့ အိမ်စီးကားတွေနဲ့ အရေးပေါ်လူနာတင်ကားတွေအနေနဲ့ မနက် ၆ ညနေ ၆ နာရီအတောအတွင်းသာ သွားလာကြဖို့၊ ကားမောင်းရင် မှန်ချမောင်းပေးဖို့၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေရဲ့ စစ်ဆေးမှုကို ကြည်ဖြူ စွာ စစ်ဆေးခံဖို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းတွဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်ပကို ရွှေ့ပြောင်းလုပ်သားတွေ ပို့ဆောင်နေတဲ့ ယာဉ်တွေနဲ့ သံတိုသံစဝယ်ယူသွားလာနေတဲ့ သုံးဘီးယာဉ်တွေ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ထုတ်ပြန်ချက်ကိုမလိုက်တာပါက ထိရောက်စွာအရေးယူသွားမယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်