မော်လမြိုင်၊ အောက်တိုဘာ (၂၉)
(၁၇)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ကွန်ဂရက်ညီလာခံကို အခုနှစ်အတွင်း ကျင်းပပြုလုပ်ဖို့ စီစဉ်ထားရှိပေမယ့် ပြင်းထန်လာတဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အခြေအနေတွေကြောင့် ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။
KNU ကွန်ဂရက်ညီလာခံကို ပြီးခဲ့တဲ့နှစ်တွေကတည်းက ကျင်းပပြုလုပ်ဖို့စီစဉ်ထားရှိပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းတဲ့အခြေအနေတွေကြောင့် ညီလာခံကျင်းပပြုလုပ်မှုကို ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။
KNU ဥပဒေပြဌာန်းချက်အရ ကွန်ဂရက်ကို (၂)နှစ်ရွှေ့ဆိုင်းခွင့်ရှိပြီး ဒီလိုရွှေ့ဆိုင်းထားမှုဟာ (၂)နှစ်ပြည့်ပြီဖြစ်တာကြောင့် အခုနှစ်(၂၀၂၂)ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့မှာ ကွန်ဂရက်ကျင်းပပြုလုပ်ဖို့ KNUက စီစဉ်ခဲ့တာပါ။
ဒါပေမယ့် လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများပြားလာတဲ့ အခြေအနေ၊ ရင်ဆိုင်နေရတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေအပြင် လမ်းပန်းဆက်သွယ်ရေး အနေအထားတွေကြောင့် ကွန်ဂရက်ကို KNU ခေါင်းဆောင်တွေရဲ့တင်ပြချက်အရ ထပ်မံရွှေ့ဆိုင်းခဲရတာလို့ ပဒိုစောတောနီးက ဆိုပါတယ်။
KNU အနေနဲ့ ကွန်ဂရက်ကို ရွှေ့ဆိုင်းနိုင်တဲ့ကာလက (၂)နှစ်ထက်ကျော်လွန်သွားခဲ့ပေမယ့် KNU ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်အရ ဗဟိုအမြဲတမ်းကော်မတီက ပျက်ပြယ်သွားတယ်ဆိုတာ မပါရှိတာကြောင့် ဗဟိုအမြဲတမ်းကော်မတီဟာ တရားဝင်ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။
ကွန်ကရက်ညီလာခံကို ထပ်မံ ရွှေ့ဆိုင်းလိုက်ပေမယ့် KNU ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှေ့ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို နောက်ပိုင်းအချိန်ကာလတွေမှာ အစည်းအဝေးပြန်ခေါ်ယူကာ ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။
၁၇ ကြိမ်မြောက် KNU ကွန်ကရက်ညီလာခံတွေမှာတော့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြန်လည် ရွေးချယ်ဖို့နဲ့ ရှေ့ဆက် အကောင်အထည် ဖော်ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေအတွက် ဆွေးနွေးဆုံးဖြတ်သွားဖို့ စီစဉ်ထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားကြီး အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်း အရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၇၀၀၀ လောက် ဖြစ်ပွားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်