မော်လမြိုင် – အောက်တိုဘာ(၂၈)
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေ တိုက်တွန်းတောင်းဆိုထားတဲ့ မီးပိတ်သပိတ်မှာ ပြည်သူတွေမပါဝင်ဖို့ စစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်မှုတွေလုပ်ဆောင်ခဲ့ပေမယ့် ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒီနေ့ အောက်တိုဘာလ(၂၈) ရက်နေ့ ည(၈) နာရီခွဲကနေ ည(၈)နာရီမိနစ်(၄၀) ထိ ဆယ်မိနစ်ကြာ ပြု လုပ်မယ့် မီးပိတ်သပိတ်ကို စစ်ကောင်စီက ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်တွေထဲမှာ စောင့်ကြည့် တာတွေလုပ်ဆောင်ခဲ့တာပါ။
ရန်ကုန်မြို့ သာကေတမြို့နယ် (၇) ရပ်ကွက်က ပြည်သူတွေ မီးပိတ်သပိတ်မှာ ပါဝင်ခဲ့လို့ဆိုပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ လာရောက် စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံ တစ်ဦး ကသံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီလက်ဝေခံ တယ်လီဂရမ်အကောင့်တွေကလည်း မီးပိတ်သပိတ် ပြုလုပ်ဖို့ ပြောဆို ထားသူတွေကို စစ်တပ်က ဖမ်းဆီးတာတွေလုပ်ဆောင်ထားတယ်လို့ ရေးသားထား ကြပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက မီးပိတ်တဲ့ အိမ်တွေကို သေနတ်နဲ့ ပစ်ခတ် တာတွေလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီကတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်သွားတဲ့အခြေအနေကို စုံစမ်းနေဆဲ ဖြစ်တဲ့အတွက် အတိအကျမသိရသေးဘူးလို့ သူက ပြောပါသေးတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလည(၈)နာရီခွဲက ဖားကန့်မြို့နယ် အနန့်ပါကို စစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် ထိခိုက်ကျဆုံးခဲ့ရသူတွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်း ကြေကွဲဂုဏ်ပြုဦးညွှတ်တဲ့ အနေနဲ့ ပြည်သူတွေက မီးပိတ်သပိတ် လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – CJ