မော်လမြိုင်၊ အောက်တိုဘာ (၂၉)

အာဏာသိမ်း စစ်ကောင်စီက တရားစွဲထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် အောက်တို ဘာ ၂၈ ရက်နေ့ ရုံးချိန်းမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒီရုံးချိန်းမှာတော့ စစ်ကောင်စီဘက်က တရားသွင်းလာတဲ့ သက်သေခံ စာရွက်ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ဆေးမေးမြန်းခဲ့တာပါ။

ဒါပေမယ့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ စစ်ကောင်စီဘက်က တင်သွင်းလာတဲ့ သက်သေခံ စာရွက်ဟာ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကနေ ထွက်ရှိလာတယ်ဆိုပေမယ့် သူအနေနဲ့ တစ်စုံတစ်ရာ သိရှိထားခြင်း မရှိဘူးလို့ ထွက်ဆိုထားတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် အပြစ်မရှိကြောင်း ထွက်ဆိုထားပေမယ့် စစ်ကောင်စီဘက်ကတော့ ပြန်ခေါ်သက်သေတွေကို ထပ်မံခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဒီအမှုကိုတော့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အ တွင်း ရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။

လက်ရှိမှာ အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အမှု ၁၁ မှုအတွက် ထောင်ဒဏ် ၂၅ နှစ်အမိန့်ချမှတ်ပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.