ရန်ကုန်၊ အောက်တိုဘာ (၂၉)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေရေးအတွက် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲဆောင် ရွက်သွားမယ်လို့ PPST က ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ အစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့မှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့ပြီး လက်ရှိ နိုင်ငံရေး၊စစ်ရေး၊ငြိမ်းချမ်းရေး၊အရပ်သားကာ ကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊လူသားချင်း စာနာမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြတာပါ။

PPST အနေနဲ့ မြန်မာ့နိုင်ငံရေးရဲ့ လက်တွေ့လိုအပ်ချက်တွေနဲ့အညီ လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေ ဖြေရှင်းနိုင်ရေး၊ အရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မကြာခင်က ဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာရှိ စာသင် ကျောင်းဖြစ်စဉ်နဲ့ ကချင်ပြည်နယ်၊ဖားကန့်မြို့၊ အနန့်ပါကျေးရွာဖြစ်စဉ်တို့မှာ လေကြောင်းကနေ အင် အား အလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်ခံရတာကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ကြရတဲ့အတွက် များစွာဝမ်းနည်းရတယ်လို့ PPST က ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတဲ့အတွက် သက်ဆိုင်သူတွေအနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊စစ်ရေး ပဋိပက္ခတွေကို ပိုမိုဆိုးရွားစေမယ့် ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို ရှောင်ရှားကြဖို့နဲ့ နောင်မဖြစ်ပေါ်စေဖို့ PPST က တိုက်တွန်းပါတယ်။

PPST အနေနဲ့ ရပ်တည်ချက် အခြေခံမူ (၃) ချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွ ဖြစ်မြောက်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ စတဲ့ မူတွေအပေါ် ခိုင်မာစွာ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ဖက်ဒရယ်ဒီမိုကရစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လှိုင်းလေထန်တဲ့ နိုင်ငံရေးမုန်းတိုင်ကြား မမှိတ်မသုန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ PPST က ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.