ရန်ကုန်၊ အောက်တိုဘာ (၂၉)
အာဏာသိမ်းစစ်ကောင်စီက အာဆီယံ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်(၅) ချက်ကို မလိုက်နာနိုင်ကြောင်း တုံ့ပြန်မှုဟာ အာဆီယံကို စိန်ခေါ်လိုက်တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၂၇) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံ ခြား ရေးဝန်ကြီးကြီး အရေးပေါ်အစည်းအဝေး တက်ရောက်ခွင့်မရခဲ့တဲ့အတွက် စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာမှာ မဟုတ်ဘူးလို့ ထုတ်ပြန်လာတာပါ။
အာဆီယံပဋိညာဉ်စာတမ်းအရ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး တန်းတူညီမျှရေးကိုယ်စားပြုရေးမူနဲ့ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူတို့ကို လိုက်နာဆောင်ရွက်နေပေမယ့် အခုလို အစည်းအဝေးမဖိတ်တာဟာ ခွဲခြားဆက်ဆံတာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာဆီယံဘုံသဘောတူညီချက်တွေကို မလိုက်နာနိုင်ကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်လိုက်တဲ့အတွက် အာဆီယံအနေနဲ့ နောက်လာမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ အရေးယူဖို့ စဉ်းစားသင့်ပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသိန်းစိုးနိုင်က ပြောပါတယ်။
“အဲ့ဒါက အာဆီယံရဲ့ သဘောတူညီချက်ကို မလိုက်နာနိုင်ဘူးလို့ တရားဝင်တုံ့ပြန်လိုက်တာပါပဲ။ ဒီအတွက် အာဆီယံအနေနဲ့ကတော့ အခုလာမယ့် အာဆီယံထိပ်သီးအစည်းအဝေး ရောက်ရင်တော့ မြန် မာပြည်နဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား စစ်ကောင်စီကို နေရာပေးမလား။ တစ်စုံတစ်ရာအရေးယူမလား။ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်ရင် အရေးယူမယ်ဆိုတာကို အချိန်ကန့်သတ်ပြီးပေးနိုင်မလားဆိုတာကို လာမယ့်အစည်းအဝေးမှာ ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်ခင်ဗျာ”လို့ပြောပါတယ်။
အာဆီယံဘုံသဘောတူညီချက် (၅) ချက်မှာတော့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်း စာနာအထောက်အထားမှု အကူအညီတွေ ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အဲဒီဘုံသဘောတူချက်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် အာဆီယံထိပ်သီး ခေါင်းဆောင်တွေ အရှေ့မှာ သဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်း စစ်အုပ်ဟာ အာဏာသိမ်းကာလ (၁၈) လကြာတဲ့အထိ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်တာ မရှိသေးသလို အခုအခါမှာတော့ မလိုက်နာနိုင်ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်