ထီးလင်း – အောက်တိုဘာ(၂၈)
မကွေးတိုင်း ထီးလင်းမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့နေတဲ့ စစ်ကောင်စီ၊ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့လို့ (၃၀) ကျော်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အောက်တိုဘာလ(၂၇) ရက်နေ့က ထန်းပင်ကုန်းရွာကို တစ်ရက်တည်းမီးနှစ်ကြိမ်ရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ၊ပျူစောထီးအင်အား(၁၀၀)ကျော်ပါတဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပူး ပေါင်းတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီစစ်ကြောင်းဟာ ခလရ(၅၀) လက်အောက်ခံစစ်ကြောင်းဖြစ်ပြီး ထီးလင်းမြို့နယ်ထဲမှာ တစ်လ ကျော်စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ သိရပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ ထီးလင်းမြို့ ပေါ်ကိုပြန်လည်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။
“ရွာကိုမီးရှို့ပြီးထွက်လာတော့ အင်အား တစ်ရာ့ငါးဆယ်လောက်ပါတယ်။ တိုက်ပွဲ ဖြစ်ပြီးရွာထဲကို ပြန်ဝင်သွားတယ်။ရွာထဲကနေထီးလင်းမြို့ပေါ်ကိုလာတော့ ကိုးဆယ့်ငါးယောက်ပဲ ပြန်ပါလာ တယ်။”လို့ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ(၁၇) ရက်နေ့က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျဆုံးခဲ့ ရတဲ့ ရဲဘော်(၁၄) ဦးရဲ့ နှစ်ပတ်လည်မတိုင်ခင် လက်တုန့်ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပီတိ ဖြစ်ရတယ်လို့ YDF က ပြည်သူတွေကို အသိပေးထားပါတယ်။
တိုက်ပွဲအတွင်းမှာ YDF(၁၄) က ရဲဘော်တစ်ဦး ပျောက်ဆုံးနေပြီး ကျန်ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ ဂန့်ဂေါခရိုင်အတွင်းမှာ နေ့စဉ် စစ်ကြောင်းထိုးနေပြီး ဓားစာခံဖမ်းဆီးတာ၊ နေအိမ်တွေကိုမီးရှို့တာနဲ့ ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာတွေလုပ်ဆောင်နေတယ်တာဖြစ်ပါတယ်။
ဒါ့အပြင် ဓားစာခံအနေနဲ့ ဖမ်းဆီးရမိထားတဲ့ ပြည်သူတွေကိုလည်း သတ်ဖြတ်တာတွေရှိနေတဲ့ အတွက် စစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေမှာ တိမ်းရှောင်နေရတဲ့ ပြည်သူ တစ်သောင်း ကျော်ရှိနေတယ်လို့ သိရပါတယ်။
ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ စစ်ကောင်စီ ပျူစောထီးစစ်ကြောင်းကို (YDF ထီးလင်း၊ YDF တပ်ရင်း (၁၄ )၊ KKG တပ်ရင်း (၅)၊ PDF ထီးလင်း တပ်ရင်း ၂ (ခွဲ) (၇) နဲ့ နပတ တပ်ရင်း(၇၀၇ ADF) တို့ပါဝင်သောပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီစစ်ကြောင်းကို တစ်နာရီကျော်ကြာတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီကျော်အတွင်းYDF တပ်ရင်း (၁၅)နဲ့YDF-PMR တို့ကလက်နက်ကြီး ပစ်ကူပေးခဲ့ကြတယ်လို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်