မော်လမြိုင်၊ အောက်တိုဘာ (၂၉)
မွန်ပြည်နယ်အတွင်းမှာ လာမယ့် ပွင်းလင်းကာလကစပြီး စစ်အုပ်စုပြုတ်ကျရေးအတွက် စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်တော့မှာ ဖြစ်တာကြောင့် လူထုတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ မွန်တော်လှန်ရေး အင်အားစုတွေက သတိပေးလိုက်ပါတယ်။
မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နဲ့ ရေးမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA) အပါအဝင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်စစ်ရေး ပိုမို တင်းမာလာနေသလို မကြာခဏ ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ လာမယ့် ပွင်းလင်းရာသီမှာ အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းပြီး စစ်အုပ်စုပြုတ်ကျရေးအ တွက် တိုက်ပွဲတွေ မြန်မြန်သွက်သွက် ပုံဖော်သွားဖို့ ပြင်ဆင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပွင့်လင်းရာသီရောက်လာလို့ ရှိရင် စစ်ဆင်ရေးတွေကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ဖော်ဆောင်သွားဖို့ ရှိပါတယ်။ဒီလိုဖော်ဆောင်တဲ့နေရာမှာလည်း အခြားသော တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ ပေါင်းစည်းပြီးသော စစ်ကြောင်းကြီးတစ်ခု ဖန်တီးပြီး ရန်သူကို တိုက်ပွဲဝင်သွားဖို့ ရှိပါတယ်။တိုက်ပွဲတွေကို မြန်မြန်ပြီးစီးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ဘာဖြစ်လို့လဲဆို တော်လှန်ရေးတစ် ရပ် ကြာရှည်သွားမယ်ဆိုရင် တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ပါ နစ်နာတယ်၊ ဆုံးရှုံးတယ်။ရန်သူကလည်း သူတို့ လူသားမဆန်စွာ တိုက်ခိုက်နေတဲ့အပေါ် သတိကြီးကြီးထားပြီး ပြည်သူတွေ မထိခိုက် မနစ်နာအောင် ကြိုးစားတိုက်ပွဲဝင်သွားဖို့ ရှိပါတယ်”လို့ သူက ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ဘာသာရေး၊သာသနာရေးဆိုင်ရာ အခမ်းအနားတွေမှာ မဖြစ်မနေ တက်ရောက်လုပ်ဆောင်တဲ့အခါ ကြီးကျယ်ခမ်းနားတာတွေကို ရှောင်ရှားကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ အနီးတဝိုက်ကိုလည်း မသွားလာကြဖို့ နိုင်နဂါးက သတိပေးပါတယ်။
မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) အဖွဲ့ဝင် ကိုဒီဃာကလည်း စစ်ရေးလှုပ်ရှားမှုတွေကို ခပ်စိတ်စိတ်လုပ်ဆောင်သွားဖို့ ရှိနေသလို ပြည်သူတွေကလည်း တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီကြဖို့ တိုက်တွန်းပါတယ်။
“ပွင့်လင်းရာသီရောက်ပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ (MSRO) အနေနဲ့ ကျွန်တော်တို့ ရဲ့ လှုပ်ရှားမှု ခပ်စိတ်စိတ်ကို မြင်တွေ့ရမှာပါ။ကျွန်တော်တို့ လူအင်အားတွေလည်း ဖြည့်ဖို့ ရှိတယ်။ပြီးတော့ တော်လှန် ရေးမှာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ချင်တဲ့ တော်လှန်ရေး ညီအစ်ကိုတွေလည်း MSRO ကနေပြီးတော့ အမြဲတမ်း စောင့်ကြိုနေတယ်ဗျ။ပြည်သူလူထုကို မှာချင်တာကတော့ ရန်သူနဲ့ ဝေးဝေးနေဖို့ပေါ့။ပြီးရင် ရန်သူက ရန်သူပီသနေပြီဗျ။ကျွန်တော်တို့ ဘက်ကလည်း တော်လှန်ရေး အသိသတိ အမြဲရှိနေကြဖို့ ဂရုတစိုက်မှာချင်တယ်။တော်လှန်ရေးမှာ ပြည်သူတွေ တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီကြဖို့ တိုက်တွန်းချင်တယ် ခင်ဗျ”လို့ သူက ဆိုပါတယ်။
ရေးမြို့နယ်အခြေစိုက် ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကလည်း ပွင့်လင်းကာလရောက်ရှိပြီမို့ စစ်ရေး အရှိန်အဟုန်မြှင့်တင်သွားမှာဖြစ်တာကြောင့် ပြည်သူတွေ အသွားအလာ၊အပျော်အပါးတွေကို ရှောင်ကျဉ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ လာမယ့် ပွင်းလင်းရာသီမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးနီးကပ်ကပ် မနေဖို့ သတိပေးပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်အုပ်စုကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုပေါင်း ၃၀ ထက်မနည်း ရှိနေတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ဌာနဆိုင်ရာရုံးတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ ရဲစခန်းတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အမြစ်ပြတ်တော်လှန်နေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကို ခံစစ်ကနေ ထိုးစစ်ဆင်ပြောင်းလဲပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ အပါအဝင် ဘက်ပေါင်းစုံကနေ စစ်မျက်နှာ ၆ ခုဖွင့်ပြီး တော်လှန်ရေး အဆုံးသတ်သွားမယ်လို့ ကြေညာထားပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း အကြိမ်ရေ ၇၇၀၀ ကျော်မှာ မွန်ပြည်နယ်မှာတော့ ၂၃၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်