မော်လမြိုင်၊ အောက်တိုဘာ (၂၈)

အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ကျုးလွန်နေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံ တကာအနေနဲ့ လောင်စာဆီ ပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းချမှတ်ဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ် ရှားသူတွေက တောင်းဆို ဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာသလို ပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အတွက် အရပ်သားပြည်သူတွေ အစုံအလိုက် အပြုံအလိုက် သေဆုံးနေတာပါ။

ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတာတွေ လျော့ကျသွားဖို့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်အပေါ် လောင်စာဆီ ပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းချမှတ်ဖို့ တောင်းဆိုလိုက်တာပါ။

မြန်မာစစ်တပ်အပေါ် လောင်စာဆီဖြတ်တောက်နိုင်ဖို့အတွက် လောင်စာဆီအဓိကပံ့ပိုးပေးနေတဲ့ ရုရှားဘက်က ဆီတင်ပို့ပေးတဲ့ လမ်းကြောင်းတွေကို အဓိက ဖြတ်တောက်ပစ်ဖို့ လိုတယ်လို့လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

“ စစ်ကောင်စီကို လောင်စာဆီနဲ့ ပိတ်ဆို့ဖို့ ကျွန်တော်တို့ လှုပ်ရှားတောင်းဆိုနေတာကြာပြီ။ ဒါပေမဲ့ နိုင်ငံတ ကာက အရေးယူနိုင်စွမ်းမရှိသေးဘူးပေါ့။ တော်လှန်ရေးအင်အားစုတွေက လေယာဉ်မပါရင် နိုင်အောင်တိုက် နိုင်ကြတယ်။ စစ်တပ်က လေယာဉ်နဲ့တိုက်လို့သာ အခက်အခဲဖြစ်နေကြရတာ။ နိုင်ငံတ ကာအနေနဲ့ က ဒါကို လူတွေအများကြီး သေနေတာကို မြင်လျက်နဲ့ ထိထိရောက်ရောက် မပိတ်ဆို့ပေးကြတာဟာ အင်မတန်ရှက် ဖို့ကောင်းတယ်။ အဲ့တော့ သူတို့ပြောပြောနေတဲ့ လူသားဆန်မှုတွေ လူ့အခွင့်အရေးတွေဟာ မေးခွန်းပြန် ထုတ်စရာ ဖြစ်လာတယ်” လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းက ထောက်ပြ ပြောဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းလောင်စာဆီဟာ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ထဲက လမ်းကြောင်းမျိုးစုံနဲ့ ရောက်ရှိနေတာ ဖြစ်ပြီး နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေရှိလာရင်တောင် စစ်တပ်အနေနဲ့ လောင်စာဆီရရှိရေး လမ်း ကြောင်းတွေက ရှိနေဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ဆက်စပ် လုပ်ငန်း တွေကို အရေး ယူပိတ်ဆို့မှုတွေ ထိရောက်စွာလုပ်နိုင်ဖို့ ကြိုးစား လုပ်ဆောင်သင့်တယ်လို့လည်း နိုင်ငံရေး လေ့လာ သုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ စစ်တပ်ကရုရှားဆီက တန်ဖိုးနည်းနည်းနဲ့ရတဲ့ ဆီကို အိန္ဒိယဘက်က လှည့်သွင်းနေတာ။ဒါက နိုင်ငံ တကာက ဘယ်လိုပဲပြောပြောရုရှားတို့ အိန္ဒိယတို့က ရမှာမဟုတ်ဘူး။ လောင်စာဆီဖြတ်တောက်ဖို့ တောင်းဆိုမှုက စစ်ကောင်စီအတွက် ဘာမှ effective ဖြစ်လာမှာ မဟုတ်ဘူး။ အဓိကက တော့ မြန်မာ့ရေနံနဲ့သဘာဝ ဓာတ်ငွေ့ လုပ်ငန်းကို ဆန်ရှင်လုပ်ရမှာ။ ဒုဝန်ကြီးဦးသန့်စင်ပိုင်ထားတဲ့ Asia Sun Puma Energy ကုမ္ပဏီပါ။ အဲဒါကပဲ လေယာဉ်ဆီကို အဓိက တင်နေတာ။ အဲဒီ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ဦးဆောင်နေတဲ့ သူတွေ ကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်မယ်ဆိုရင်တော့ လက်တွေ့ကျတဲ့ အဖြေ တစ်ခုတော့ ထွက်လာ မယ်ထင်တယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁၇) ရက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် မစ္စ နိုလင်းဟေဇာတို့က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်ဘက်ပြည်သူ တွေရဲ့ နေအိမ် တွေနဲ့ အခြေခံအဆောက် အဦတွေကို မီးရှို့ဖျက်ဆီးတာတွေ ရပ်တန့်ရေးအပါအဝင် အကြမ်းဖက်မှုလျှော့ချရေးတွေ ချက်ချင်းဆောင်ရွက်ဖို့ အပါအဝင် အချက်(၆)ချက်ကို စစ်ကောင် စီဘက်ကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅)ချက်ထဲမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွား အတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့ ဆိုတာတွေကိုပါ ထည့်သွင်းတိုက်တွန်းထားတာပါ။

ဒါပေမယ့် မြန်မာစစ်တပ်က တစ်ခုမှ လိုက်နာခြင်းမရှိဘဲ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ရက်က ဒီပဲယင်းဒေသက စာသင်ကျောင်းကို လေကြောင်း တိုက် ခိုက်မှုနဲ့ အောက်တိုဘာ ၂၃ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ နှစ်ပတ်လည် ဂီတဖျော်ဖြေပွဲကို လေ ကြောင်း ကနေ တိုက်ခိုက်ခဲ့မှုတွေဟာ ဒီနှစ်အတွင်း မြန်မာစစ်တပ်ရဲ့အရက်စက်ဆုံး လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.