ပေါင်၊ အောက်တိုဘာ (၂၈)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု ကော့ကံ(အလယ်ရွာ)ကို ရောက်နေတဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ)အချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တည်ခိုးနေတဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဘက်က သတင်းရပြီးနောက် လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးသူနဲ့ ဖမ်း ဆီးခံရသူတွေ ရှိတယ်လို့ ပေါင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Paung PDF) နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ သူတွေကို ပေါင်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး သေနတ်ဒဏ်ရာရရှိထားတဲ့သူ တွေကိုတော့ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒါအပြင် မနေ့ကလည်း ပေါင်မြို့နယ် ကျုံကကျေးရွာမှာ အသက် ၃၄ နှစ်အရွယ် မသန္တာအောင်ကို စစ်ကောင်စီက တည်းခိုနေတဲ့ နေအိမ်တစ်ခုမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
မသန္တာအောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မနဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပေါင်မြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ပေါင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားပြီး တောင်ရှေ့ခြမ်းရှိ ကျေးရွာအုပ်စုတွေမှာ တပ်အင်အား အလုံးအရင်းနဲ့ တောနင်းရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်