ရန်ကုန် – အောက်တိုဘာ(၂၈)
ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်ဗုံးပေါက်ကွဲမှုဖြစ်စဉ်ပြီးနောက် ပိတ်ပင်ထားတဲ့ ပါဆယ်ပို့ ခွင့် ထောင်ဝင်စာတွေ့ခွင့်နဲ့ ထောင်တွင်းတရားရုံးတွေကို လာမယ် အောက်တိုဘာ(၃၁) ရက်နေ့မှာ ပြန်လည်ဖွင့်ခွင့်ပေးဖို့ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်းစိန်ထောင်ဗုံးပေါက်ကွဲခဲ့တဲ့ နေ့စပြီး ပါဆယ်ပို့ခွင့်၊ထောင်ဝင်စာတွေ့ခွင့်နဲ့ အကျဉ်းထောင် တရားရုံးတွေကို ပိတ်ထားခဲ့တာပါ။
“ကျွန်တော်တို့ သတင်းကြားနေရတာရှိပါတယ်။ သူတို့လက်ထဲမှာဘဲရှိနေတာဆိုတော့ သေချာ တော့ မပြောနိုင်သေးပါဘူး။ ပြန်ဖွင့်ခွင့်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ အကျဉ်းသားတွေ အတွက် အဆင်ပြေတာပေါ့ဗျာ” လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉) ရက်နေ့ မနက်ပိုင်းက အင်းစိန်ထောင် ထောင်ဝင်စာပါဆယ်ပို့ တဲ့နေရာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တဲ့အတွက် ထောင်ဝန်ထမ်း(၃) ဦးအပါအဝင် (၈) ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
“ပြန်ဖွင့်ခွင့်ပေးဖို့ လုပ်နေတယ်လို့တော့ ကြားတယ်။ ဘယ်လိုဖြစ်လာဦးမလဲတော့ မသိသေးပါ ဘူး။ လောလောဆယ်တော့ ထောင်ထဲမှာ လုံခြုံရေးတိုးချထားတာရှိတယ်” လို့ အင်စိန်အကျဉ်း ထောင်ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
အင်းစိန်ထောင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မန္တလေးအိုဘိုထောင်၊သာယာဝတီထောင်နဲ့ ပြည်ထောင်အပါအဝင် တခြားပြည်နယ်နဲ့ တိုင်းတွေက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ နဲ့ ပါဆယ်ပို့ခွင့်တွေကို စစ်ကောင်စီက ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ