ကျိုက်ထို၊ အောက်တိုဘာ (၂၈)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ်နဲ့တောင်အောက်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်အင်အား ၂၀၀ ကျော် ထပ်မံတိုးချဲ့လာတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၆ ရက်နေ့မှာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာထဲကို တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်း တစ်ကြောင်း၊ ကျိုက်ထီးရိုးတောင်ခြေတစ်ဝိုက်မှာ တပ်အင်အား ၁၀၀ ကျော် ပါတဲ့ စစ်ကြောင်း တစ်ကြောင်းနဲ့ ထပ်မံ ဝင်ရောက်လာတာပါ။
ထပ်မံဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်း၊ ဆောင်နိုင်ကြီး၊ ဌက်ပျောတောကျေးရွာ အပါအဝင် ကင်မွန်းစခန်းတောင်တက်ကားဂိတ်အနီးနဲ့ ကျိုက်ထီးရိုးတောင်အနီး ပတ်ဝန်းကျင်မှာ တပ်ဖြန့်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်က တပ်အင်အားတွေ ထပ်မံတိုးချဲ့လာမှုဟာ စစ်ဆင်ရေး ဆောင်ရွက်မယ့် အခြေအ နေမှာ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က တိုက်တွန်းတာပါ။
စစ်ကောင်စီတပ်က တပ်အင်အားအလုံးအရင်းနဲ့ တပ်ဖြန့်ထားတာကြောင့် ကျိုက်ထီးရိုးတောင်အနီး ပတ်ဝန်းကျင်က ဒေသခံတွေဟာ နှစ်ဖက် တိုက်ပွဲ ပိုမို ပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် တိမ်းရှောင်နေထိုင်တာတွေ ရှိလာပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်ထဲကို တပ်အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးထားပြီး ပျဉ်းကတိုးကုန်းနဲ့ ပိန္နဲကုန်းကျေးရွာတွေမှာ တပ်စွဲနေထိုင်တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
သတင်း- သံလွင်တိုင်းမ်