နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲက လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ လုံခြုံရေးအတွက် အသက်အန္တရာယ်စိုးရိမ်နေရတဲ့ကြားထဲကနေ ကယ်ဆယ်ရေး လုပ်ငန်းတွေ အခက်အခဲ ဆောင်ရွက်နေရတာပါ။ ဒါကြောင့် ကယားပြည်နယ်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးရာမှာလည်း ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ရာမှာလည်း ဘယ်လို လူနာတွေကို အဓိက ကူညီဆောင်ရွက်ပေးနေရလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ထဲက လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
လူမှုကူညီရေးအသင်းတစ်ခုအနေနဲ့ လက်ရှိ ကယားပြည်နယ်အတွင်း ဘယ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ပေးနေရလဲ။
အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်တော်တို့ကတော့ စစ်ဘေးရှောင်တွေ ပြန်လာတာရှိတော့ကြိုပေးတယ် ။ ဖရူးဆိုဒေသဘက်၊ ရှမ်း ကယားနယ်စပ်အထိ ကျွန်တော်တို့ သွားကြိုပေးပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတစ်ခုပဲ မသွားဖြစ်ဘူး။ ကျန်တဲ့နေရာတော့ ၂၄ နာရီ လုပ်ကိုင်ပေးနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကယ်ဆယ်ရေးအသင်းတစ်ခုအနေနဲ့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင် ကြုံတွေ့နေရလဲ။
သိသာတာက လုံခြုံရေးပေါ့။ ဘေးကင်းလုံခြုံမှု မရှိတော့ဘူး၊ အရင်လို ဖြောင့်ဖြောင့်တန်းတန်း မရှိ နယ်မြေမအေးချမ်းတဲ့ နေရာတွေဆို သွားရတာ ထိတ်ထိတ်လန့်လန့် သွားရတာပေါ့။ အသင်းအနေနဲ့ ထိခိုက်တာ မရှိသေးဘူးဗျ။ သွားလာဖို့ လုံခြုံမှု မရှိတာရယ် ပြီးတော့ ဒီအခြေအနေမှာ အသင်းရဲ့ အသုံးစရိတ်က တက်လာတယ်၊ သွားဖို့လာဖို့ ကယားပြည်နယ် တစ်ပြည်လုံးအတွက် အကြိုအပို့ လုပ်ပေးတာဆိုတော့ စက်သုံးဆီ အသုံးစရိတ်တွေ လိုတာပေါ့။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသင်းအနေနဲ့ အလှူရှင်နည်းသွားတယ်၊ အရင်ကဆို ကျွန်တော်တို့ အသင်းမှာ ပုံမှန်လုပ်ပေးနေတဲ့ အလှူရှင်အဖွဲ့ရှိတယ် အဲ့အဖွဲ့လည်း အခုနောက်ပိုင်း စစ်ဘေးရှောင်သွားတော့ အသင်းရန်ပုံငွေ အခက်အခဲဖြစ်လာတယ်။ အဲ့ဒါတော့အဓိကပဲဗျာ့။
ကယားပြည်နယ်အတွင်း လူနာသွားခေါ်တဲ့အခါမှာ စစ်ကောင်စီတပ် ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကရော ဘယ်လိုမျိုး သဘောထားကြလဲ။ သူတို့နဲ့ ဆက်ဆံရေးကရော ဘယ်လို ရှိလဲ။
ကြုံတာတော့ အမြဲတမ်းကြုံတယ်။ နှစ်ဖက်စလုံးက စစ်ဆေးတယ်၊ ကျွန်တော်တို့ အခုသွားနေတဲ့လမ်းကတော့ အလယ်မှာပဲ။ အဖြူရောင်လည်း မပါဘူး။ အမည်းရောင်လည်း မပါဘူး။ အကုန်လုံးမျှမျှတတ သွားနေတယ်။ ဘယ်အဖွဲ့က စစ်စစ် အချိန်မရွေး အစစ်ဆေးခံနိုင်တယ်။ ဥပဒေနဲ့ငြိစွှန်းတာမျိုး ကျွန်တော်တို့မလုပ်ဘဲ အလယ်မှာသွားပြီး လုပ်နေတာအတွက် သူတို့စစ်ဆေးလာရင် ပိုသဘောကျတယ်။ ကျွန်တော်တို့ဖြစ်နေတဲ့နေရာကို သွားမယ်ဆို အသွားလမ်းဂိတ်ကို သတင်းပို့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်ဖြစ် စစ်တပ်ဖြစ်ဖြစ် သတင်းပို့ပြီးမှ ဖြတ်လို့ရမရမေးပြီး ကျွန်တော်တို့ဖြတ်တာပေါ့ ။အဲ့လိုမျိုးစစ်ဆေးလေ ကျွန်တော်တို့က ပိုသဘောကျလေပဲဗျ။ မစစ်ဆေးပဲ ရမ်းသမ်းပြီး ပစ်လိုက်တာမျိုး ကို ပိုကြောက်တာ။ သူတို့ဆီက ခွင့်တောင်းတဲ့အခါကျရင်လည်း တိုက်ပွဲဖြစ်မယ့် နေရာမျိုးဆို သူတို့ မသွားခိုင်းဘူးဗျ။ ဘာလို့လဲဆိုသွားမယ်ဆို နီးစပ်ရာနီးစပ်ရာလေးတွေ ကျွန်တော်တို့ စုံစမ်းသွာတာပေါ့။ အခြေအနေကတော့ ဒီမှာတိုက်ပွဲဖြစ်နေတယ် သွားလို့မရဘူးပေါ့နော်၊ သူတို့ကိုယ်တိုင်လည်း သတင်းပေးတယ်။ ကျွန်တော်တို့လည်း မသွားဘူးဗျ။
နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။
လက်နက်ကြီးကြောင့် ခဏခဏပဲ အသေအပျောက်ရှိတယ်၊ တစ်ခါတလေ ကျွန်တော်တို့သွားခေါ်တဲ့အချိန်မှာပဲ ဆုံးသွားတာလည်း ရှိတယ်၊ တချို့ရွာတွေကလည်း အရင်လို ကျေးလက်ကျန်းမာရေးဆေးခန်း မရှိတော့ အကုန် လွိုင်ကော်ဆေးရုံမှာ လာပြကြရတော့ အလွှာစုံပဲ ကြိုနေရတယ်။
သံလွင်တိုင်းမ်