ဖားကန့်၊ အောက်တိုဘာ (၂၇)

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အ ရပ်သားပြည်သူတွေ ဒါဇင်ချီ သေဆုံးဒဏ်ရာရတဲ့ ဖြစ်စဉ်အပေါ် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေ နှုတ်ဆိတ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊တပ်မ ဟာ ၉ နယ်မြေရှိ အနန့်ပါဒေသမှာ KIO နှစ်ပတ်လည် အထိမ်းအမှတ်အကြို တေးဂီတဖျော်ဖြေပွဲ ပြု လုပ်နေစဉ် စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၂၅ ရက်နေ့အထိ သေဆုံးသူ အယောက် ၈၀ ဝန်းကျင်ရှိလာပြီး ဒဏ်ရာရရှိသူတွေလည်း ၁၅၀ ဝန်းကျင်လောက် ရှိနေတာဖြစ်ပါတယ်။

အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံ ရေးအင်အားစုတို့က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချတဲ့ ထုတ်ပြန်ချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြတာပါ။

ဒါပေမယ့် စစ်ကောင်စီနဲ့ နှစ်ကြိမ်လောက် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ အနန့်ပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီကနေ့အထိ အဖွဲ့အစည်းအတွင်းမှာရော ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေနဲ့ရော တစ်စုံတစ် ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတဲ့ အပစ်ရပ်ထိုးထားတဲ့ EAOs တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဘယ်တုန်းကမှ ဝေဖန်ကန့်ကွက်မှုတွေ မလုပ်တဲ့ အဖွဲ့အစည်းတွေလို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီက ဒီကနေ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေလည်း မသိချင်ယောင်ဆောင်နေဖို့က သူတို့ရဲ့ တာဝန်ပါပဲ။ ဒီနေရာမှာတင် မဟုတ်ပါဘူး။ ကျောင်းသားတွေကို ဗုံးကြဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း မပြောခဲ့ပါဘူး။ဘယ်တုန်းကမှလည်း မပြောခဲ့ပါဘူး။ဘာကြောင့်လဲဆို သူတို့က စစ်ကောင်စီနဲ့ ပေါင်းပြီး နိုင်ငံရေးအခွင့်အလမ်း ရှာဖွေနေတဲ့သူတွေ ဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ သဘောထားတစ်ခုတည်းဖြစ်သလို စစ်ကောင်စီကို ဝေဖန်ရှုတ်ချတဲ့ သဘောထားလည်း ဘယ်တုန်းကနေ မဖော်ပြခဲ့ပါဘူး။အဲဒါကြောင့်မို့ ဒီနေ့ကာလမှာ ရေငုံနှုတ်ပိတ်နေကြတာပါ” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၂၄၀) နီးပါးပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ (၂၀၀) ကျော်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားအရေးလေ့လာသူတစ်ဦးကလည်း NCA ထိုးထားတဲ့ EAOs တွေအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံရေးအရ ဖိအားတစ်စုံတစ်ရာ မပေးနိုင်တာဟာ ရှက်စရာကောင်းတယ်လို့ ဝေဖန်တာပါ။

“NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ မွန်ပြည်သစ်ပါတီရှိမယ်။အကြီးဆိုရင်‌တော့ RCSS တို့ ရှိမယ်။သူတို့ကလည်း အဲဒါကို (ဂျာနီဗာကွန်ဗေးရှင်း)ကိုင်ပြီးတော့ ပြောရမယ်၊ ဝေဖန်ရမယ်။စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ NCA ထိုးထားတဲ့ (EAOs) အဖွဲ့အစည်းတွေက စစ်ရာဇဝတ်မှုကျူးလွန်ပြနေတဲ့ စစ်ကောင်စီကို ဘာတစ်ခုမှ ထုတ်ဖော်ပြောတာ၊ ဝေဖန်တာ၊ နိုင်ငံရေးအရ ဖိအားတစ်စုံတစ်ရာ မပေးနိုင်တာ တော် တော် ရှက်စရာကောင်းတယ်။အနိမ့်ဆုံးအနေနဲ့ ထုတ်ပြန်ချက်တောင် အခုထက်ထိ မထုတ်ပေးနိုင်ဘူး” လို့ သူက ထောက်ပြပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကတော့ အနန့်ပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး လာမယ့် PPST အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိ အခြေအနေကလည်း PPST အဖွဲ့ဝင်တွေ တစ်နေရာတည်းမှာစုနေကြတာ မဟုတ်ဘူး။တစ်ချို့အဖွဲ့အစည်းတွေ မိမိနေရာဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေ ပဋိပက္ခတွေရဲ့ ဆက်စပ်ရိုက်ခတ်မှုတွေရှိနေတဲ့အပေါ်မှာ အဲဒီလိုမျိုး တစ်ဖွဲ့၊ နှစ်ဖွဲ့ အလျင်စလို ချိတ်ဆက်ညှိနှိုင်းပြီးတော့ တိုင်ပင်ဆွေးနွေးဖို့ အခက်အခဲရှိနေတဲ့အပေါ်မှာ မနက်ဖြန်၊သန်ဘက်ခါမှာ ကျင်းပမယ့် PPST အစည်းအဝေးကနေပဲ အဲဒီကိစ္စကို ဆွေးနွေးပြောဆိုဖို့ ရှိမယ်။အပြင်မှာ ဝေဖန်နေသလိုမျိုး အားမလို အားမရ ဖြစ်နေတာမျိုး ရှိကောင်းရှိနိုင်တာလည်း ကျွန်တော်တို့ ခန်းမှန်းမိပါတယ်”လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုပါတယ်။

PPST မှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ မွန်ပြည်သစ်ပါတီ (NMSP)တို့ ပါဝင်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကတော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကနေ ပါဝင်မှု လျှော့ချထားပါတယ်။

PPST ကတော့ လက်ရှိနိုင်ငံရေး ပြဿနာမှာ လူထုတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့အတွက် NCA အခြေခံမူ (၃) ရပ်ထဲက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ NCA ချုပ်ဆိုခြင်း ၇ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.