သထုံ၊ အောက်တိုဘာ (၂၆)

သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ဈေးမသွယ်ကျေးရွာမှာ အောက်တိုလ ၂၅ ရက်နေ့ ညပိုင်းက နယ်ထိန်း ရဲတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုဓမ္မဝတီနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် အောင်ဝင်းထွန်းဟာ ဈေးမသွယ်ကျေးရွာ ဘီယာဆိုင်မှာ ထိုင်နေစဉ် သေနတ်သမားတွေက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ရဲတပ်ကြပ် အောင်ဝင်းထွန်းရဲ့ ဦးခေါင်း၊ ရင်ဘတ်တို့မှာ ကျည်ထိဒဏ်ရာတွေရရှိခဲ့ပြီး သထုံခရိုင်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“သူက ဘီယာဆိုင်ထိုင်နေတဲ့အချိန် သေနတ်သမားတွေက လာပစ်ပြီး ပြန်ထွက်သွားတယ်။ သေနတ်သံကြား တာတော့ လေးငါးချက်လောက်ရှိမယ်။ ပြီးတော့ လူတင်ယာဉ်ရောက်လာပြီး ကောက်သွားတာတွေ့တာပဲ။ သေသွားပြီ လို့တော့ သိရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နယ်ထိန်း အောင်ဝင်းထွန်းဟာ လမ်းဘေးဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီထည့်ချိန် ဆိုင်ရှင်တွေကို ခြိမ်းခြောက် ပြီး ဓါတ်ဆီဖိုး မပေးဘဲ ဆီထည့်လေ့ရှိသလို ဒေသခံတွေအပေါ်လဲ ခြိမ်းခြောက်မှုတွေရှိတာကြောင့် ရှင်းလင်း လိုက်ရ တာဖြစ်တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဈေးမသွယ်ကျေးရွာအုပ်ချုပ်ရေးမှူးကိုလဲ တစ်ပတ်အတွင်း နုတ်ထွက်ဖို့ သတိပေးထား တယ်လို့ ဆိုပါ တယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာက ပျူစောထီးခေါင်းဆောင် ဖိုးထောင် (ခ)စိုးဝင်းကို လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းလို့ သေဆုံး ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.