မော်လမြိုင်၊ အောက်တိုဘာ (၂၇)

တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေနဲ့ မကြာခဏ တိုက်ခိုက်ခံနေရတဲ့ ဒေသတွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို လက်နက် အကန့်အသတ်နဲ့ ထုတ်ပေးပြီး ကိုယ့်ရုံးကိုယ် လုံခြုံရေးယူပေးဖို့ မွန်ပြည်နယ် စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ သီးတင်းပတ်တစ်ခုထဲမှာ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့က အရေးပေါ် လျှို့ဝှက် အစည်းအဝေးတစ်ခု ခေါ်ယူကျင်းပခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ ဝန်ထမ်းတွေကို လက်နက်ထုတ်ပေးပြီး စစ်ကောင်စီတပ်၊ ရဲတွေနဲ့အတူ ဌာနဆိုင်ရာရုံး လုံခြုံရေး တာဝန်ထမ်းဆောင်ကြဖို့ အကြမ်းဖျင်အားဖြင့် ဆွေးနွေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာ အကြီးအကဲ တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် အဲဒီအစီအစဉ်ကို နှုတ်အားဖြင့်သာ သဘောတူထားပြီး ဘယ်အချိန်ကာလမှာ စတင် အကောင်အထည်ဖော်မလဲ ဆိုတာကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

အဲဒီလျှို့ဝှက်အစည်းအဝေးမှာ စစ်တပ်အရာရှိတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ အကြီးအကဲတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြံ့ခိုင်ရေးပါတီမှ အကြီးအကဲတချို့နဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုရုံးလုံခြုံရေးအတွက် လက်နက်ထုတ်ပေးမယ့် သတင်းထွက်ပေါ်လာပြီးနောက် ဝန်ထမ်းတွေဘက်က လက်မခံနိုင်ကြသလို ဝန်ထမ်းအချင်းချင်းကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း ရေးမြို့နယ်မှ Non CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ရုံးလုံခြုံရေးအတွက် ဝန်ထမ်းတွေကို လက်နက်ထုတ်ပေးမယ့်ညွှန်ကြားချက်မျိုးကိုတော့ သက်ဆိုင်ရာ မြို့နယ်တွေကို တရားဝင်ညွှန်ကြားတာမျိုးတော့ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေ ဖောက်ခွဲခံရတာနဲ့ တိုက်ခိုက်ခံနေရတဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေတာပါ။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့က ရေးမြို့နယ် လဝကရုံးကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုအတွင်း ဒုမြို့နယ်လဝကမှူး အပါအဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.