မော်လမြိုင်၊ အောက်တိုဘာ (၂၇)

စစ်ကောင်စီ လက်အောက်ခံ တရားရေးဝန်ထမ်းတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေကို လူမှုကွန်ယက် စာမျက်နှာတွေအပေါ်မှာ ရေးသားတွေ မလုပ်ဖို့ စစ်ကောင်စီ ပြည်ထောင်စုတရားသူ ကြီးချုပ်ရုံးက ညွှန်ကြားလာတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက တရားရေးဝန်ထမ်းတွေအနေနဲ့ လူမှုကွန်ယက်စာမျက် နှာတွေမှာ နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက်တွေ မရေးဖို့၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရေးသားမှုတွေ မလုပ်ဖို့နဲ့ ဌာနဆိုင်ရာ ဝတ်စုံနဲ့ ဓာတ်ပုံတွေ ဖြန့်ဝေတာ မလုပ်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်အတွင်း ညွှန်ကြားလာတာပါ။

အဲဒီ ညွန်ကြားချက်တွေကို သက်ဆိုင်ရာ တရားသူကြီးအပြင် တရားရေးအရာရှိတွေကအစ ခံဝန်လက်မှတ် ရေးထိုးကြဖို့နဲ့ ကျန်ရှိတဲ့ တရားရေးဝန်ထမ်းတွေ သိရှိလိုက်နာစေဖို့ နှုတ်နဲ့ ထပ်မံညွှန်ကြားဖို့ ပါဝင်ပါတယ်။

တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ နိုင်ငံရေးဆိုတာ လူနဲ့ လူ့ပတ်ဝန်းကျင် ကြားမှာ ဖြစ်ပေါ်နေတာကြောင့် မည်သူမှ ကင်းလို့ မရသလို အခုလို စစ်ကောင်စီက ပိတ်ပင်တာဟာ သဘာဝမကျတဲ့အပြင် လူရဲ့ အခြေခံလွတ်လပ်ခွင့်ကိုပါ တားမြစ် ပိတ်ပင် ကန့်သတ်တာ ဖြစ်တယ်လို့ ဝေဖန်တာပါ။

“လူနဲ့ နိုင်ငံရေးပေါ့။ သူဘာသူ ဘာအလုပ်ပဲ လုပ်လုပ်၊ ရှေ့နေပဲ လုပ်လုပ်၊ တရားသူကြီးပဲ လုပ်လုပ်၊ ဥပဒေ ဝန်ထမ်းပဲ လုပ်လုပ် လူနဲ့ လူ့ပတ်ဝန်းကျင် ကြားမှာ ဖြစ်လာနေတဲ့ နိုင်ငံရေး အလုပ်ဆိုတာ ကင်းလို့ မရဘူးလေ။ဒီတော့ ခုဏက သူရဲ့ ဝေဖန်ချက်တွေ ဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဝေဖန်မှု တွေကလည်း ရှိကောင်းရှိမှာပေါ့။ ဒီအလုပ်ကို လုပ်တဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှ မရေးရဘူးလို့ ပိတ်ပင်ရင်တော့ ဒါဟာ သဘာဝ ကျတဲ့ ပိတ်ပင် တားမြစ်ချက် မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ လူဆိုတာကိုက နိုင်ငံရေး သတ္တဝါ ဖြစ်နေတဲ့အတွက် လူနဲ့ လူ့ပတ်ဝန်းကျင်ထဲမှာ နိုင်ငံရေးကို ဘယ်လိုမှ ဖယ်ပစ်လို့ မရတဲ့ အတွက် ဒါကတော့ တရားသူကြီး ဖြစ်နေပါစေ ရေးကြမှာပေါ့လေ။ ခုဏက ကိုယ်ရဲ့ တစ်ဦးထဲ ပုဂ္ဂလိက အမြင်ပေါ့၊ သူ့ရဲ့ အတွေ့အကြုံ ၊သူ့ရဲ ခံစားမှု ၊သူ့အမြင်တွေကို ရေးတာကို ချုပ်ချယ်ရင်တော့ ဒါဟာ လူ့ရဲ့ အခြေခံ လွတ်လပ်ခွင့်ကို တားမြစ် ပိတ်ပင် ကန့်သတ်တာ ဖြစ်တဲ့အတွက် ဒါက သင့်တော်တဲ့ ကိစ္စ မဟုတ်ဘူးပေါ့” လို့ ဆိုပါတယ်။

ဒါအပြင် လူတစ်ဦး အနေနဲ့ တခြား သူတွေကို ထိခိုက် နစ်နာမှု မရှိစေဘဲ မိမိရဲ့ လွတ်လပ်တဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်ချက်နဲ့ အတွေးအခေါ်တွေကို ရေးသားတဲ့ နေရာမှာ မည်သူမှ ကန့်သတ်လို့ မရသလို ကန့်သတ်ပါက (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ (၃၅၄)ကို ဆန့်ကျင်ရာ ရောက်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တရားရေးဝန်ထမ်းတွေကို အခုလို ပိတ်ပင်တဲ့နေရာမှာ ရှင်းလင်းတိကျတဲ့ ထုတ်ပြန်ချက်တွေ မဟုတ်တာကြောင့် အချိန်မရွေး အရေးယူချင်ရင် အရေးယူလို့ ရတဲ့ ပုံစံမျိုး ဖြစ်နေတဲ့ အတွက် ဥပဒေအရ မသင့်တော်ဘူးလို့လည်း တရားလွှတ်တော် ရှေ့နေ တစ်ဦးကလည်း ဝေဖန်တာပါ။

တရားရေးဝန်ထမ်းတွေကို အခုလို ပိတ်ပင်တာဟာ နိုင်ငံရေး၊ စီးပွားရေးအပြင် အဖက်ဖက်မှ ကျဆင်းနေတဲ့ အခြေအနေတွေကို သူတို့ရဲ့ လက်အောက်ခံ ဝန်ထမ်းတွေ အကြားမှာ ဝေဖန်မှုတွေ မြင့်တက် နေတာကြောင့် ထိန်းချုပ်ချင်တဲ့အတွက် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေကလည်း ဆိုကြပါတယ်။

စစ်ကောင်စီ ပြည်ထောင်စု တရားသူကြီးချုပ်ရုံးကတော့ တရားရေး ဝန်ထမ်းတွေကို အခုလို တားမြစ်ပိတ်ပင်ရတာဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ တရားရုံးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက် ပေါက်ကြားတာတွေ၊ တရားစီရင်ရေးလုပ်ငန်း တာဝန်တွေအပေါ် ပျက်ကွက်လာနိုင်တာတွေ၊ တရားသူကြီးနဲ့ တရားရေးအရာရှိတွေကို အများပြည်သူ အထင်မြင်လွဲမှား စေနိုင်တာတွေကြောင့် ကန့်သတ်ရတာ ဖြစ်တယ်လို့ ညွှန်ကြားချက်စာမှာ ဖော်ပြပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.