ဂျာကာတာ၊ အောက်တိုဘာ (၂၆)

အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ပိုင်းမှာ လူဦးရေ ရာချီ တင်ဆောင်လာတဲ့ သင်္ဘောတစ်စီးဟာ မီးလောင်မှုဖြစ်ပွား ခဲ့ တာကြောင့်  အနည်းဆုံး လူ၁၃ ဦးသေဆုံးခဲ့တယ်လို့ ပို့ဆောင်ရေး အာဏာပိုင်တွေက ပြောပါတယ်။

အရှေ့ဘက် နူဆာတန်ဂါရာ ခရိုင်ဒေသန္တရရှိ တီမောကျွန်း ကမ်းလွန်မှာ (KM Express Cantika 77) ကေအမ် အိတ်စ်ပရက်စ်ကန်တီကာ သင်္ဘောအမှတ် ၇၇ ဟာ မီးလောင်ပေါက်ကွဲခဲ့တာကြောင့်  ခရီးသည်အများစုဟာ သင်္ဘော ပေါ်ကနေ ရေထဲကို ခုန်ဆင်းခဲ့ကြရတာပါ။

အဲဒီဒေသက ပို့ဆောင်ဆက်သွယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ နူကာ ကတော့ အဲဒီသင်္ဘောပေါ်မှာခရီးသည်နဲ့ သင်္ဘောဝန်ထမ်းတွေ ၂၅၄ ဦး အနက် ၂၄၁ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့်လည်း လူပေါင်း၁၃ဦး သေဆုံးခဲ့ပြီး စုစုပေါင်း၂၄၁ဦးကတော့ ဘေးကင်းလွတ်မြောက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒေသခံ ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲကတော့ လူပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄၀ ဦးသာ လွတ်မြောက် ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီသင်္ဘောဟာ ခရိုင်ဒေသန္တရမြို့တော် ကူပန် Kupang ကနေ အလော် Alor ကျွန်းပေါ်ရှိ ကာလာဘာဟီ Kalabahi မြို့ကို သွားရောက်စဉ် သင်္ဘောရဲ့ ကုန်းပတ်ထိပ်ပိုင်းကနေ မီးစတင်လောင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက  ကယ်ဆယ်ရေး လှေသုံးစင်းကို စေလွှတ်ခဲ့ပြီး ဒေသခံ ငါးဖမ်းသမားတွေက သူတို့ရဲ့ လှေတွေနဲ့  ကူပြီးရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တာပါ။

မီးလောင်မှုနဲ့အတူ ပြင်းထန်တဲ့ ရေစီးကြောင်းတွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ သင်္ဘောအနီးကို ချဉ်း ကပ်ဖို့အတွက်ကို အတော်လေးကို ရုန်းကန်ခဲ့ရကြောင်း  နူကာက ဆက်လက်ပြောကြားခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူအချို့ကတော့ တုန်လှုပ်ချောက်ချားမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ရ တာကြောင့် ကုသမှုခံယူနိုင်ဖို့ ဆေးရုံကိုပို့ဆောင်ထားပြီး သေဆုံးသူတွေကို စိစစ်မှုတွေပြုလုပ်ဖို့ ကူပန်ရဲဆေး ရုံကို လွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ခံရသူအများစုဟာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ချိန်မှာ အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ထားသူတွေ ဖြစ်ခဲ့ပြီး အဲဒီထဲက တချို့ကတော့ ကမ်းစပ်ကို တိုက်ရိုက်ကူးခတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

မီးလောင်သွားတဲ့ အဲဒီသင်္ဘောဟာ လူ ၂၅၀ ကို တင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ရေကြောင်းခရီး မတော်တဆမှုတွေဟာ ကျွန်းပေါင်း ၁၇၀၀၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့ လုံခြုံရေးစံနှုန်း လျော့တိလျောရွဲ ဖြစ်လေ့ရှိတဲ့ အင်ဒိုနီးရှားမှာ အဖြစ်များလေ့ရှိပါတယ်။

၂၀၁၈ ခုနှစ်မှာလည်း ကူးတို့သင်္ဘောတစ်စင်းဟာ ဆူမားတြားကျွန်းရေပြင်မှာ နစ်မြုပ်ခဲ့တဲ့ အတွက် လူပေါင်း ၁၅၀ နီးပါးသေဆုံးခဲ့ဖူးပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.