သထုံ၊ အောက်တိုဘာ (၂၆)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသည်တင်ကား တစ်စီး ပစ်ခတ်ခံရတာကြောင့် ခရီးသည် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ၂၄ ရက်နေ့ ည ၈ နာရီကျော်လောက်မှာ ရန်ကုန်ကနေ ထားဝယ်ဘက်ကို မောင်းနှင်လာတဲ့ ရွှေဝယ်မင်းခရီးသည်တင်ကားဟာ ရွှေရောင်ပြကျေးရွာနဲ့ ကမာစိုင်ကျေးရွာအကြားမှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ခရီးသည်တင်ကား ပစ်ခတ်ခံရတာကြောင့် ခရီးသည် အမျိုးသား တစ်ဦး ဘယ်ဘက်ပေါင်မှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သထုံမြို့နယ် ပြည်သူ့ဆေးရုံသု့ိ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ခရီးသည်တင်ကားကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့လဲဆိုတာ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည် ပြုနိုင် မရှိသေးပါဘူး။

ဒါပေမယ့် အဲဒီနေ့ ညက သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာနဲ့ ကမာစိုင်ကျေးရွာအကြားမှာ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

မွန်ပြည်နယ် ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသလို အဲဒီတိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှုမှာ ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.