လိုင်ဇာ – အောက်တိုဘာ(၂၅)

ရည်ရွယ်ချက်ရှိရှိအရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အာဏာရှင်စစ်ကောင် စီကို တော်လှန်ရေးအရှိန်မြှင့်တင်တိုက်ခိုက်သွားမယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က သတင်း ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၃) ရက်နေ့ ည(၈)နာရီခွဲက (၆၂) နှစ်ပြည့် KIO နှစ်ပတ်လည်နေ့ ကြိုဆို တဲ့အစီအစဉ်တွေကျင်းပနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်လေယာဉ်(၃) စီးက ဗုံးကြဲတိုက် ခိုက်ခဲ့ကြတဲ့အတွက် ထိခိုက်သေဆုံးသူ (၈၀) ကျော်ရှိခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာဟာ စစ်စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခေတ္တ အနားယူကြတဲ့ စျေးဆိုင်တန်းဖြစ်တာကို သိသိကြီးနဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ ရည်ရွယ် ချက်နဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်လို့ KIO ဗဟိုကော်မတီက ပြောပါတယ်။

ဒီလိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေနဲ့ KIO အမှုထမ်းတွေ အမြောက်အများ ထိခိုက်သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

အာဏာရှင်စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရွံရှာဖွယ်ဒီလုပ်ရပ်ကို ဖိနှိပ်ခံပြည်သူတွေရဲ့ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားဖို့ တိုက်တွန်းတယ်လို့ KIO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူအစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးရတဲ့ ဖြစ်ရပ်အတွက် ဝမ်းနည်းပူဆွေး ထိပ်လန့်နေသူတွေရဲ့ အားပေးစကား ပြောကြားတဲ့ လူပုဂ္ဂိုလ်များ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့တဲ့ အဖွဲ့အစည်းများ နဲ့သဘောထားထုတ်ပြန်ချက်ထုတ်ပြန်တဲ့ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးမှတ်တမ်းတင်ထား တယ်လို့ ဆိုထားပါတယ်။

(၆၂) နှစ်မြောက် KIO နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးကော်မတီ ရဲ့ ဖိတ်ကြားမှုကို တန်ဖိုး ထားအလေးထားပြီး ပါဝင်တက်ရောက်ခဲ့ချိန်မှာ အာဏာရှင်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုမှာ အသက် ဆုံးရှုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အနုပညာရှင််များ၊စီးပွားရေးလုပ်ငန်းရှင်များ နဲ့ အရပ် သားပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရသလို အသက်ဆုံးရှုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်များ၊ဆွေမျိုးသားချင်းများနဲ့ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရတယ်လို့ KIO က ပြောထား ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၂၄၀) နီးပါးပြုလုပ်ထားပြီး အရပ်သားပြည်သူ (၂၀၀) ကျော်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.