မော်လမြိုင်၊ အောက်တိုဘာ (၂၅)

မွန်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အတွင်းသတင်းတွေနဲ့ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်သတင်းတွေ ပေါက်ကြားနေတာကြောင့် စစ်ကောင်စီ အထူးစုံစမ်းရေးကော်မတီက ဌာနဆိုင်ရာအကြီးအကဲတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်း သိရှိရပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ စစ်ဘက်၊ အရပ်ဘက် လျှို့ဝှက်သတင်းတွေ၊ ရှေ့ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို အုပ်ချုပ်ရေးအပိုင်းမှ ဌာနဆိုင်ရာအသီးသီးကို ညွှန်ကြားထားတာပါ။

အဲဒီညွှန်ကြားချက်ထဲက အချက်အလက်အားလုံးနီးပါးဟာ သတင်းမီဒီယာတွေနဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေထံ ပေးပို့တာတွေရှိနေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။

ဒါကြောင့် ပြည်နယ် စစ်ကောင်စီက အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူပြီး အထူးစုံစမ်းရေး ကော်မတီတစ်ခု ဖွဲ့စည်းကာ သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အမည်မလိုတဲ့ ဌာနဆိုင်ရာအကြီးအကဲ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါပေမယ့် ဒီလို စစ်ဆေးခံနေရတဲ့သူတွေ အခြေအနေကိုတော့ သူက အသေးစိတ်ပြောဆိုတာတော့ မရှိပါဘူး။

အချက်လက်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိခဲ့ရင်တော့ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ အထူးစုံစမ်းရေးကော်မတီက ခြိမ်းခြောက်ထားပါတယ်။

ဒီအထူးစုံစမ်းရေးကော်မတီထဲမှာ စစ်ဘက်မှ ဗိုလ်ကြီးတွေနဲ့ အရပ်ဘက်မှ ညွှန်ကြားရေးမှူးအဆင့် ရှိသူတွေက ဦးဆောင်ကြပြီး စုစုပေါင်းအဖွဲ့ဝင် ၁၀ ဦးခန့်က ပြီးခဲ့တဲ့အပတ်ထဲမှာ မြို့နယ်အလိုက် ကွင်းဆင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ဆေးခံနေရတဲ့ ဌာနတွေကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လ.ဝ.က၊ ပြန်ကြားရေး၊ တရားရေးဌာနနဲ့ အုပ်ချုပ်ရေးကဏ္ဍနဲ့ ပတ်သက်ဆက်နွယ်နေရတဲ့ အရပ်ဘက်ဌာနဆိုင်ရာ အကြီးအကဲတွေကိုအဓိက စစ်ဆေးနေတာပါ။

စစ်ကောင်စီရဲ့ လျှို့ဝှက်ညွှန်ကြားချက်တွေ၊ အမိန့်တွေ၊ တားဖြစ်ချက်တွေကို ပြင်ပမပေါက်ကြားဖို့ စာနဲ့အကြိမ်ကြိမ်ညွှန်ကြားခဲ့ပေမယ့် အဲ့ဒီလျှို့ဝှက်ညွှန်ကြားချက်တွေဟာလည်း ထပ်မံပေါက်ကြားလာတာကြောင့် ဖုန်းကတစ်ဆင့် နုတ်နဲ့ ညွှန်ကြားချက်တွေ လုပ်ဆောင်လာရတဲ့အထိ ဖြစ်ပေါ်လာနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.