တနင်္သာရီ၊ အောက်တိုဘာ (၂၅)

တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်တွေထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ၃ ရက်အတွင်း အရပ်သားပြည်သူ ၁၀ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာနေ ဒေသခံ မိသားစုဝင် ၄ ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက နေအိမ်အပေါ်တက်ပြီး အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်မှာ ဒေသခံ ကားသမား တစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်တာကြောင့် သေဆုံးသွားခဲ့ရတာပါ။

သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာ ဒေသခံ ၂ ဦးကိုလည်း အမည်မသိ လက်နက် ကိုင် အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တဆက်တည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ကျခတ္တပင်အင်းကျေးရွာရှိ အလယ်တန်း ကျောင်းအုပ် ဆရာမ လင်မယား ၂ ဦး အပါအဝင် ဒေသခံ ၃ ဦးကို အမည်မသိ လက်နက် ကိုင်အဖွဲ့က ပစ်သတ်ခဲ့တာကြောင့် ၄ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထားဝယ်ခရိုင်သပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကတော့ လက်နက်မကိုင်ထားတဲ့ အရပ်သား ပြည်သူတွေကို သတ်ဖြတ်မှုအပေါ် ရှုတ်ချကြောင်းနဲ့ အခုဖြစ်စဉ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်မကိုင်ထားတဲ့ သာမန်ပြည်သူတွေကို တရားမဲ့သတ်ဖြတ်ဟာ လက်ခံနိုင်စရာမရှိသလို အပြစ်ရှိရင်တောင် သက်ဆိုင်ရာ တရားစီရင်ရေးစနစ်တွေနဲ့ ဆုံးဖြတ်အပြစ်ပေးရမယ်လို့ တနင်္သရီစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူကလည်း မှတ်ချက်ပြုပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီး အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက် ခိုက်မှုတွေ ပိုများလာခဲ့သလို အကြမ်းဖက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတာပါ။

သုတေသန အဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor အဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ် အာ ဏာသိမ်းတဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ တနင်္သာရီတိုင်းဒေသကြီးထဲမှာ အရပ်သားပြည်သူ ၂၆၇ ဦး သေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.