လိုင်ဇာ၊ အောက်တိုဘာ (၂၅)

လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ အနန့်ပါ(A Nang Pa)ဟာ KIA စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခေတ္တနား ကြတဲ့ ဈေးဆိုင်တန်း စခန်းငယ်သာဖြစ်တယ်လို့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက် ပါတယ်။

ဖားကန့်ဒေသအတွင်းရှိ အနန့်ပါ(A Nang Pa)ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဘက်က KIA တပ်မဟာ ၉နယ်မြေကို စစ်ရေးတန်ပြခြင်းဖြစ်တယ်ဆိုပြီး ပြောလာတဲ့အပေါ် ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

KIO ဗဟိုကော်မတီအနေနဲ့ မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံတဲ့ သူများကိုပင်လျှင် ရန်ဖက်အဖြစ် မသတ်မှတ်ခဲ့ဘူးလို့ ဗိုလ်ချုပ်ဂွမ်မော်က ယနေ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“ယခု အနန့်ပါ(A Nang Pa)သို့ လာရောက်သော ပြည်သူများ၊ ဒေသခံများကို စကစမှ ရန်သူသဖွယ်ပြုမူခဲ့ ပြီဖြစ်သည်။”လို့ ၎င်းက ပြောဆိုထားပါတယ်။

လူငယ်များကို အခွင့်ကြုံတိုင်း “ဘဝမှာ ပြုပြင်လို့မရနိုင်မည့်အမှားများမလုပ်မိဖို့” ပြောလေ့ရှိပေမယ့် ဒီလိုအမှား တွေကို လုပ်သူတွေက လူကြီးတွေဘဲ ဖြစ်နေတယ်လို့လည်း ထပ်မံပြောပါတယ်။

အနန့်ပါမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ အားလုံး ကောင်းရာဘုံသို့ ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ ထားသလို ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆုတောင်းမေတ္တာပို့ကာ မိသားစုများအားလုံးနဲ့ထပ်တူ ဝမ်းနည်းရ တယ်လို့ ဆိုပါတယ်။

အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာလို့လည်း ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုထားပြီး မိတ္တူကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လိပ်မူထားတာကိုလည်း တွေ့ရှိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ – Gunmaw Sumlut/FB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.