မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့် ၁၄ နှစ်အရွယ် ကျောင်းသူသေဆုံး”ဆိုတဲ့ သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့အကြောင်းတွေ အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့အကောင့်တု Kyaw Swars ,Kalaw Voice စတဲ့ တယ်လီဂရမ်တွေကနေ အောက်တို ဘာလ (၁၉) ရက်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တာကြောင့် ၇တန်းကျောင်းသူလေး သေဆုံးရတာဖြစ်တာကို စိစစ်တွေ့ရပါတယ်။

ဖြစ်စဉ်အမှန်ကတော့အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ရေစိုးချောင်းဗျူဟာက ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ပြိန်းတောကျေးရွာမှ ဦးအောင်ကျော်မင်းနဲ့ ဇနီးဒေါ်သိန်းနု သမီး ဖြစ်သူ ၇ တန်းကျောင်းသူ မငြိမ်းအေးဇံတို့အိမ်ကို ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ၇ တန်းကျောင်းသူ မငြိမ်းအေးဇံ သေဆုံးသွားခြင်းဖြစ်တယ်လို့ ဒေသခံတွေကိုမေးမြန်းကာ ဒေသတွင်း Narinjara သတင်းဌာနက ဖော်ထုတ်ရေးသားထားတာကို တွေ့ရပါတယ်။

“လက်နက်ကြီးကျည်က အိမ်ထဲမှာကွဲတာ။ သူလည်း အိမ်ထဲမှာရှိနေတုန်း လက်နက်ကြီးကျည် ကျကွဲလို့ အိမ်ထဲကနေ အိမ်အပြင် လမ်းပေါ်အထိ လွင့်စင်သွားခဲ့တယ်။ ဒဏ်ရာတွေကတော့ ကျောကုန်းကနေ ပွင့်ထွက်သွားပြီး ခါးအောက်ပိုင်း ပြတ်ထွက်လုနီးပါး ဖြစ်သွားတယ်လို့ Narinjara သတင်းဖော်ထုတ်ရေးသားထားတာကို တွေ့ရပါတယ်။

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့် ၁၄ နှစ်အရွယ် ကျောင်းသူသေဆုံး“ ဆိုတဲ့ သတင်းဟာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ကာ ဖြန့်‌ဝေနေတဲ့ သတင်းအမှားတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.