ဖားကန့် – အောက်တိုဘာ (၂၄)

ဖားကန့်ဒေသတွင်းက KIA တပ်မဟာ(၉) နယ်မြေမှာ ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲကိုဂျက်လေ ယာဉ်သုံးပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ အကြမ်းဖက်စစ်ကောင်စီက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ထပ်မံကျူးလွန်လိုက်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ပြောပါတယ်။

အောက်တိုဘာလ ၂၃ရက်နေ့ ည ၈နာရီခွဲဝန်းကျင်ခန့်က KIA တပ်မဟာ ၉နယ်မြေရှိ အနန့်ပါ(A Nang Pa)မှာ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)နေ့အထိမ်းအမှတ်အကြို တေးဂီ ဖျော်ဖြေပွဲ ပြုလုပ် နေစဉ် အကြမ်းဖက် စစ်ကောင်စီက ဂျက်လေယာဉ် ၄စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ စပ်လျဉ်းပြီး NUG က ဒီနေ့အောက်တိုဘာ (၂၄) ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ဒီပဲယင်းမြို့၊ လက်ယက်ကုန်းကျေးရွာမှာ စာသင်ကျောင်း ကို စစ်ရ ဟတ်ယာဉ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကြောင့် ကလေးသူငယ်တွေအပါအဝင် ၁၄ဦးသေဆုံးခဲ့ပြီး တစ်လ ကျော်ကာလမှာ အခုလို ဂီတဖျော်ဖြေပွဲကို တိုက်ခိုက်မှုဟာ လူအစု လိုက်အပြုံလိုက် သတ်ဖြတ်မှုကို ထပ်မံကျူးလွန်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂျနီဗာသဘောတူစာချုပ်ရဲ့ ပြဋ္ဌာန်းချက်မှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်ခံရခြင်းဘေးမှ အကာအကွယ် ရရှိ စေရမယ်လို့ ပြဋ္ဌာန်းထားပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ် ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။

NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေအတွင်းကျဆုံးခဲ့ကြရတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲရသလို ကျဆုံးခဲ့ရတဲ့ တစ်ဦးတစ်ယောက်ချင်းစီအတွက် တရားမျှတမှုရရှိဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ တရားဥပဒေတွေနဲ့အညီ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဖားကန့်ဒေသအတွင်း ဂီတဖျော်ဖြေပွဲပြုလုပ်နေချိန် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ် ၄ စီးနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ကချင်အနုပညာရှင်အချို့နဲ့ ပြည်သူအများအပြား အပါအ ဝင် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့တယ် လို့ သိရပါတယ်။

အကြမ်းဖစ်စစ်အုပ်စုဟာ ပြည်သူ့အာဏာကို မတရားလုယူခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံတစ် ဝှမ်းလုံးမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၄၀နီးပါးပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.