သရက်ချောင်းမြို့နယ်မှာ အရပ်သား ၂ ဦး ပစ်သတ်ခံရပြီး ၂၀ နီးပါး ဖမ်းဆီးခံထားရ

သရက်ချောင်း၊ အောက်တိုဘာ (၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာအတွင်း ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၂ ဦးကို သေနတ်နဲ့ အကြောင်းမဲ့ ပစ်သတ်ခဲ့သလို အရပ်သားပြည်သူ ၂၀ နီးပါးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ အောက်သရက်ချောင်းအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေအတွင်း ဝင်ရောက် ရှာဖွေတာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေကို ဝင်ရောက်ရှာဖွေစဉ် အမျိုးသား ၂ ဦးကိုလည်း နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်သွားခဲ့ပြီး အလောင်းကိုလည်း လမ်းပေါ်မှာပဲ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အောက်သရက်ချောင်းကျေးရွာက ဒေသခံနေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ အောက်သရက်ချောင်းကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက် တပ်စွဲထားပြီး ဒေသခံပြည်သူ ၂၀ နီးပါးကိုလည်း ဖမ်းဆီးထားပါတယ်။

စစ်ကောင်စီတပ်က အောက်သရက်ချောင်းကျေးရွာအတွင်း တပ်စွဲပြီး ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က အောက်သရက်ချောင်းကျေးရွာမှာ စစ်ကောင်စီ သတင်းပေး ဒလန် ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ကျေးရွာထဲကို တပ်အင်အားအလုံးအရင်း ဝင်ရောက် မွှေနှောက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.