မြန်မာနိုင်ငံကို FATF ရဲ့ အမည်ပျက်စာရင်းသွင်းမှုကြောင့် လူထုတွေ ပိုမိုကျပ်တည်းလာနိုင်

ရန်ကုန်၊ အောက်တိုဘာ (၂၃)

မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF) ရဲ့ အမည်ပျက်စာရင်း သွင်းမှုကြောင့် ပြည်သူလူထုတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ဆောင်စဉ်တွေအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် စောင့်ကြည့်အဆင့်ကနေ အလေးထားလုပ် ဆောင်ရမယ့်အဆင့် အမည်ပျက်စာရင်း (Blacklist) ထဲ ထည့်သွင်းလိုက်ကြောင်း (FATF) က အောက် တိုဘာ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒါပေမယ့် လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီပေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကိုတော့ အနှောင့်အယှက်မဖြစ်စေရဘူးလို့ ဆိုထားပါတယ်။

ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF) ရဲ့ အမည်ပျက်စာရင်း သွင်းမှုမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ အီရန်ပြီးနောက် တတိယနိုင်ငံ ဖြစ်လာခဲ့တာပါ။

စီးပွားရေးပညာရှင်တစ်ဦးကတော့ FATF ရဲ့ အမည်ပျက်စာရင်း မကြေညာခံရချိန်ကတည်းက တိုင်း ပြည်ရဲ့ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းနေတဲ့အတွက် အခုလို ကြေညာမှုကြောင့် ပြည်သူ လူထုတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းကို ပိုမိုရင်လာနိုင်တယ်လို့ ပြောပါတယ်။

“သူတို့ အဲဒီလို မကြေညာခင်ကတည်းကလည်းပဲ ဒေါ်လာဈေးက တော်တော်ကို တက်နေတာလေ။တက် နေတဲ့အတွက်ကြောင့် ပြည်တွင်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တော်တော်လေးကို အ ခက်အခဲ နဲ့ လည်ပတ်နေရတယ်။နိုင်ငံခြားက သွင်းတဲ့ သွင်းကုန်တွေဟာလည်းပဲ အကုန်လိုလို ဈေးတွေတက်တဲ့အခါကျတော့ ကုန်ထုတ်လုပ်မှုလည်း ကျဆင်းတယ်။နောက်တစ်ခါ စားသုံးကုန် ပစ္စည်းတွေလည်း ဈေးတက်တယ်။အဲဒါ နဂိုကတည်းက ဖြစ်နေပြီးသား။အဲဒီအခြေအနေတွေက ဒီထက်ပိုဆိုးဖို့ပဲ ရှိတယ်။အဲဒီတော့ အဓိကအားဖြင့် သာမာန်ပြည်သူလူထုအနေနဲ့က စားဝတ်နေရေး ပိုပြီး ကျပ် တည်းလာလိမ့်မယ်၊ ကုန်ဈေး နှုန်းတွေလည်း ပိုပြီးတော့ တက်လာလိမ့်မယ်။ အဲဒါ မကောင်းတဲ့ အလားလာတွေပါပဲ” လို့ သူက သုံးသပ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကတော့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF) ရဲ့ တိုးမြှင့်စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းကနေ လွတ်မြောက်စေဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ တတိယအပတ်တုန်းက ပြောဆိုခဲ့ပေမယ့် အခုအခါမှာ မြန်မာနိုင်ငံဟာ FATF ရဲ့ အမည်ပျက်စာရင်း ကြေညာခံလိုက်ရတာပါ။

ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ ပိုမိုဆုတ်ယုတ်လာနိုင်တဲ့အတွက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမို နည်းပါးလာနိုင်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း (FATF) ရဲ့ အမည်ပျက်စာရင်း သွင်းမှုကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားနဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်းတွေ ပိုမိုအားနည်းလာနိုင်ပြီး ကမ္ဘာ့ဈေးကွက် ဘောင်ကျဉ်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခုလည်း သက်ရောက်နေတာပဲလေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းသွားတယ်။အခြားပြင်ပ နိုင်ငံခြားနဲ့ ဆက်ဆံပြီး လုပ်ရတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းပိုင်းတွေ၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းပိုင်းတွေမှာတော့ နည်းနည်း အားနည်းသွားတာပေါ့။ငွေပေးငွေယူ ကိစ္စတွေမှာ ခက်ခဲသွားတာပေါ့။ အခုလော လောဆယ် သက်ရောက်သွားမှာက ဒေါ်လာဈေးတွေက ပြန်ရှားပြီး မြင့်သွားနိုင်တယ်။စက်သုံးဆီတွေ ဝယ်ရ၊သွင်းရ ခက်မယ်။ဒီလိုမျိုး မဖြစ်တဲ့ နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ဆက်သွယ်ရမှာကိုး ကန့်သွားတာပေါ့။အရင်တုန်းက မြန်မာနိုင်ငံကို နိုင်ငံ ၁၀၀ လောက်နဲ့ အလုပ်လုပ်လို့ ရတယ်။အခုတော့ နိုင်ငံ ၁၀၀ နဲ့ လုပ်လို့ မရတော့ဘူး။ကမ္ဘာ့ဈေးကွက်မှာ နည်းနည်း ကျဉ်းသွားမယ်” လို့ သူက ဆိုပါတယ်။

FATF ရဲ့ အမည်ပျက်စာရင်းသွင်းခံရမှုကြောင့် လက်ရှိမှာတော့ ပြင်ပဈေးကွက်တွေမှာ အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ကျပ် ၄၀၀၀ ဝန်းကျင် ထိုးတက်နေပြီး ထိုင်းဘတ်ဈေးနှုန်းမှာလည်း တစ်ဘတ်ကို မြန်မာငွေ ကျပ် ၁၀၀ နီးပါးအထိ ထိုးတက်လာနေတာပါ။

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ငွေကြေးကျွမ်းကျင်သူတွေကတော့ နိုင်ငံတကာကနေ စီးပွားရေးဆိုင်ရာ အကူအညီတွေနဲ့ ငွေကြေးအထောက်အပံ့တွေ ရရှိဖို့ အခွင့်အလမ်းနည်းပါးသွားသလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ရတဲ့ ငွေကြေးစီးဆင်းမှုတွေမှာလည်း အကန့်အသတ်တွေ ရှိလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံဟာ (FATF) ရဲ့ အမည်ပျက်စာရင်းကနေ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် NLD အစိုးရတက်လာတုန်းက စောင့်ကြည့်အဆင့်ကို ပြောင်းလဲ ရောက်ရှိခဲ့ပေမယ့် အခုအခါမှာတော့ အမည်ပျက်စာရင်းထဲ ပြန်လည် ရောက်ရှိသွားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.